သတင်း

ကြာအင်းဆိပ်ကြီးတိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိနာဟုဆို

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ၆ ရက်ဆက် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၈၀ ကျော် သေဆုံးသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အရာရှိတစ်ဦးက ပြောသည်။

ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် အမှတ် ၂၈၃၊ ၂၈၄ နှင့် ၃၂ ခြေလျင်တပ်ရင်းများ၊ တောင်စွန်းကျေးရွာရှိ BGF ကင်းစခန်း ၂ ခု၊ ဗျူဟာစခန်းများကို ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“ကြာအင်းဆိပ်ကြီး တပ်ရင်းတွေကို ဝင်တိုက်တဲ့တိုက်ပွဲမှာဆိုရင် စစ်ကောင်စီဘက်က ၃၀ ဦးအထက်နဲ့ တောင်စွန်းက BGF ကင်းစခန်း ၂ ခုနဲ့ စစ်ကောင်စီဗျူဟာစခန်းကို တိုက်မှုတွေဆိုရင် ၄၀ အထက်ရှိပါတယ်” ဟု KNLA အရာရှိက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ၁၁ ဦး သေဆုံးသည်ဟု အမည်မဖော်လိုသော ထိုအရာရှိက ဆိုသည်။

တိုက်ပွဲမှာ ယနေ့မွန်းလွဲပိုင်း (ဒီဇင်ဘာ ၆ ရက်) အထိ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ သေဆုံးသည့်အရေအတွက်သည် ယခုထက် ပိုမိုများပြားနိုင်ပြီး သေဆုံးစာရင်း အတိအကျကို ကောက်ယူ၍ မရနိုင်သေးကြောင်းလည်း သူက ဆိုသည်။

ပူးပေါင်းတပ်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမှာ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နှင့်ကြီးအစထိမှန်ခြင်းတို့ကြောင့်ဖြစ်သည်ဟု စစ်ကြောင်းတွင် ပါဝင်သော Lion Battalion Commando Special Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိခိုက်သေဆုံးမှုများပြားလျက်ရှိသည့် စစ်ကောင်စီသည် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ ရှိနိုင်သည့်နေရာများကို တာဝေးလက်နက်ကြီး ပစ်ခတ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ ဆက်တိုက် ပြုလုပ်နေသည်ဟု ဆိုသည်။

၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ KNLA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ခရိုင်ဌာနချုပ်ရုံးရှိသည့်နေရာကို MI 35 အမျိုးအစား ရဟတ်ယာဉ် လာရောက်ပြီး ဗုံး ၁၇ လုံးခန့် ကြဲချခဲ့သည့်အပြင် Point-5 အမျိုးအစား စက်သေနတ်ဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။ 

“ဒူးပလာယာ ရှေ့တန်းရုံးခန်းမအနီး အိမ်သာ ထိခိုက်ပျက်စီးပါတယ်။ သုံ့ပန်းတစ်ယောက် ကျောပြင် ပွတ်ရှ ဒဏ်ရာအနည်းငယ်ရပါတယ်၊ ကျန်တာ ဘာမှ ထိခိုက်မှုမရှိပါ” ဟု ပဒိုစောလစ္စတန်က ဆိုသည်။

ခရိုင်ရုံး လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကို အတည်ပြုပေးခဲ့သော်လည်း အသေးစိတ်အခြေအနေကိုမူ မေးမြန်း၍ မရသေးပေ။

“အခုက နယ်မြေတစ်ခုလုံးမှာ လေကြောင်းတိုက်ခိုက်မှုက အရင်ကထက် ပိုများလာတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲမှုတစ်ခုမှာဆိုရင် စစ်ကောင်စီရဲ့ Su – 30 လို လေယာဉ်အမျိုးအစားအထိ သုံးတယ်လို့ ယူဆရတယ်” ဟု KNLA တပ်မဟာတပ်ရင်းမှ အရာရှိတစ်ဦးက ဆိုသည်။ 

၂၀၂၂ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ KNU တပ်မဟာ ၁ ဌာနချုပ်ရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် တပ်မဟာ ၁ ဌာနချုပ်ရုံးမှ အဆောက်အအုံနှစ်လုံး ထိခိုက် ပျက်စီးသည်၊  ထိခိုက်သေဆုံးသူ မရှိခဲ့ဟု သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့ညပိုင်းတွင် ကော့ကရိတ်ခရိုင်၊ တပ်မဟာ (၆) အတွင်းရှိ ဒေါင်းမင်း PDF တပ်စခန်းတစ်ခုကို အတွဲလိုက်ဒုံးများအပြင် လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်မှုများကြောင့် အခိုင်အမာဆောက်လုပ်ထားသောအဆောက်အအုံနှစ်ခုမှအပ ကျန်စခန်းများအားလုံး ပျက်ဆီးသွားခဲ့ကြောင်း ယင်းစစ်ကြောင်း၏ တာဝန်ခံက ဆိုသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့သည့် ကော့ကရိတ်မြို့မှ စစ်ကောင်စီနှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ပွဲသည် ယင်းမြို့နှင့် ၄၄ မိုင်ခန့် အကွာတွင်ရှိသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အထိ ဆက်လက်ကျယ်ပြန့်လာနေသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။ 

ပစ်ခတ်မှုများအတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်မှု နည်းပါးသော်လည်း ကြာအင်းဆိပ်ကြီးမြို့ နယ်မြေခံတပ်ဌာနချုပ်များနှင့် ဖာပွန်မြို့နယ်လုံခြုံရေးစခန်းသို့ တိုက်ခိုက်ခံခဲ့ရသည်ဟု ၎င်းတို့၏သတင်းစာတွင်  ဇန်နဝါရီ ၄ ရက်နေ့က ဖော်ပြခဲ့သည်။ ပြန်လည်ခုခံနိုင်ခဲ့သည်၊ ရန်သူတို့ အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button