သတင်း

ပုသိမ်ထောင်နိုင်ကျဉ်းများ ကန့်ကွက်ဆန္ဒပြရန်စီစဉ်မှု ဟန့်တားခံရ

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်တိုက်ပိတ်ခြင်းကြောင့် ကန့်ကွက်ဆန္ဒပြရန် စီစဉ်မှုကို ထောင်အာဏာပိုင်တို့က သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထောင်တွင်း တားမြစ်ပိတ်ပင်သည့် ပစ္စည်းများ ယူဆောင်သည်ဟု စွပ်စွဲခံရသည့် နိုင်ကျဉ်း ၈ ဦးကို ထောင်မှူးနှင့် ထောင်ဝန်ထမ်းများက ခေါ်ထုတ်ရိုက်နှက်ကာ ဒီဇင်ဘာ ၅ ည ၁၁ နာရီတွင် စတင်တိုက်ပိတ်လိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

အလင်းရောင်နှင့် လေဝင်လေထွက် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းများတွင် ပိတ်လှောင်ခံရသူများအနက် ကိုမဲကြီးဆိုသူ ပျောက်ဆုံးနေသည်ကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် နိုင်ကျဉ်းများသတိပြုမိပြီး ဆန္ဒပြရန် စီစဉ်ကြသည်၊  ထောင်မှူးက ရဲပြေးနှင့် စစ်ပြေး အကျဉ်းသားများကို တုတ်များပေးပြီး စောင့်ကြည့် ထိန်းသိမ်းစေခဲ့သည်ဟုလည်း သူက ပြောသည်။

“ဆန္ဒပြချိန်တောင် မရလိုက်ဘူး၊ စစ်ပြေး ရဲပြေးတွေက တုတ်တွေကိုင်ပြီး ပတ်နေလို့။ ဆန္ဒပြရင် အရိုက်ခံရမှာ။ နိုင်ကျဉ်းတွေဘက်က ပြေပြေလည်လည်ဖြစ်ချင်လို့ တိုက်ပိတ်ခံရတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာမျိုးတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။ 

ထို့နောက် နံနက် ၁၀ နာရီခန့်တွင် ရဲတပ်သား ၄၀ ခန့် ရောက်ရှိလာကာ သေနတ် လေးချက် ပစ်ဖောက် ခြိမ်းခြောက်ခဲ့သည်ဟုလည်း သူက ပြောသည်။

“ပစ်တဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တစ်ခန်းဝင်တစ်ခန်းထွက် လိုက်စစ်ပြီးတော့ ဆွဲထုတ်သွားတာ ရှိတယ်။ ဘယ်နှယောက်လဲတော့ အတိအကျမသိဘူး” ဟု ၎င်းက ပြောသည်။

ထောင်တွင်း ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ထောင်ဝင်စာလာပို့သည့် ကျောင်းကုန်းမြို့နယ်မှ လူငယ်နှစ်ဦးက ထောင်ရှေ့မှ ဗွီဒီယိုရိုက်ကာ ဧရာဝတီတိုင်မ်း သတင်းဌာနသို့ ပို့လိုက်ကြောင်း၊ သတင်းတက်ပြီး ထိုလူငယ်နှစ်ဦးမှာ ချက်ချင်းအဖမ်းခံလိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။ ထောင်ဝင်စာပို့ခွင့်လည်း ယနေ့ကစ၍ ပိတ်လိုက်သည်ဟု ဆိုသည်။ 

ရိုက်နှက်တိုက်ပိတ်ခံရသည့် နိုင်ကျဉ်း ၈ ဦးမှာလည်း သွားကျိုးသည်အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ အသက်အန္တရာယ်ရှိမရှိနှင့် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ပြောသည်။

ဧရာဝတီတိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဇော်စစ်အောင်နှင့် ညွှန်မှူးရုံးရှိ ဝန်ထမ်းများသည် အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ (၄၂) နှင့် ငြိစွန်းသော တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများကို ယူသွင်းနေကြောင်း အထက်ပါ အကျဉ်းထောင်နှင့် နီးစပ်သူက ဆိုသည်။ 

“သူတို့ကိုယ်တိုင် ထည့်တယ်။ အခု သူတို့ကိုယ်တိုင် ဝင်ဖမ်းတယ်။ သူတို့လုပ်စားနေတာပေါ့ဗျာ။ အပြင်မှာ ၅၀၊ ၁၀၀ လောက်ပဲ တန်တဲ့ ဆေးပေါ့လိပ်တစ်လိပ်ကို အထဲမှာ ၂၅၀၀ လောက်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

ပုသိမ်ထောင်ဝန်ထမ်းတို့က နိုင်ကျဉ်းများကို အကြမ်းဖက်ရိုက်နှက်မှုမှာ တတိယအကြိမ်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၆ ရက် သေနတ်ပစ်ဖောက်သည့်ဖြစ်စဉ်မှာ အဆိုးရွားဆုံးဖြစ်ကြောင်း ပုသိမ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

“စိုးရိမ်နေရပါတယ်၊ ထောင်တွင်းမှာ ရောက်ရှိနေတဲ့ အကြမ်းဖက်လို့ ပုဒ်မအသီးသီးတပ်ပြီး စွဲခံထားရတဲ့သူတွေဟာ အကြမ်းဖက်မှ မဟုတ်တာ။ အမှန်တရားအတွက် နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ထိလက်ရောက် စော်ကားတာတော့ တော်တော်လေးစိုးရိမ်တယ်။ အဲလိုလုပ်တာကိုလည်း ကန့်ကွက်တယ် ရှုတ်ချတယ်” ဟု ၎င်းက ပြောသည်။ 

ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၅၀ ကျော်ရှိကြောင်း သိရသည်။ 

ဇန်နဝါရီ ၄ ရက်နေ့က ခြွင်းချက်နှင့် ပြန်လွတ်လာသူများထဲတွင် နိုင်ကျဉ်း ၃၈ ယောက်၊ အခြားအကျဉ်းသား ၂၉၉ ယောက်ပါဝင်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button