သတင်း

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲ ၃ ရက်ဆက်ဖြစ်၊ နှစ်ဖက် အကျအဆုံးများ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း   တိုက်ပွဲ ၃ ရက်ဆက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အထိနာနေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က  ပြောသည်။စစ်တပ်က လေကြောင်းမှလည်း  ၆ ကြိမ်  တိုက်ခိုက်သည်ဟု KNLA တပ်မဟာ ၁၆ အရာရှိက ဆိုသည်။

“ကြာအင်းတစ်ကြောလုံးက ခုထိဆို သုံးရက်ဆက်တိုက်ပဲတိုက်ပွဲက။ အခုထိ မပြီးသေးပါဘူး။ ဒီနေ့တော့ စစ်ကောင်စီဘက်က တော်တော်လေးအထိနာတယ်လို့ ပြောလို့ရတယ်။ နိုင်ငံရေးအရရော၊ စစ်ရေးအရရော။ မြို့နယ်အတွင်းက တပ်ရင်းတွေပါ  ဝင်တိုက်ခံရတာ” ဟု ပြောသည်။

PDF တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊  စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့၏  ကင်းစခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA အရာရှိက ပြောသည်။

“ပူးပေါင်းတပ်ဖွဲ့တွေဘက်ကနေတော့ BGF နဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းနှစ်ခုကို မနေ့ညက သိမ်းလိုက်နိုင်တယ်။ ကိုယ့်ဘက်က အကျအဆုံးစာရင်းက ၁၁ ဦးခန့်ရှိပြီ။ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေတော့ ပူးပေါင်းတပ်တွေဘက်ကနေ သိမ်းမိထားတာ များပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီ၏ အမှတ် ၃၂ တပ်ရင်းဘက်မှ လက်နက်ကြီးနှင့် အမြောက်များဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး တိုက်ပွဲမှာ ယင်းစခန်းအနီးတွင် ပိုမိုပြင်းထန်နေသည်ဟုလည်း ဆိုသည်။ကြာအင်းဆိပ်ကြီးမြို့နယ်မှ အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကလည်း ဒီဇင်ဘာ ၄  နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေပြီး ဒေသခံအများအပြား လုံခြုံနိုင်မည့်နေရာသို့ ရှောင်တိမ်းနေကြရသည်ဟု ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့သည့် ကော့ကရိတ်မြို့တိုက်ပွဲသည် ယင်းမြို့နှင့် ၄၄ မိုင်ခန့်အကွာတွင်ရှိသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အထိ ဆက်လက်ပြင်းထန်လာခြင်းဖြစ်သည်။ အနန်းကွင်း၊ လွှတ်ရှမ်း၊ ခလယ်တံခွန်တိုင်တို့ရှိ စစ်ကောင်စီတပ်စခန်းများကလည်း  တိုက်ပွဲဖြစ်ပွားရာ တောင်စွန်းကျေးရွာအနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

တောင်စွန်း ကျေးရွာအပါအဝင် အနန်းကွင်း၊ ကျောက်ဘီလူး၊ ဆင်ပြေးနှင့် ဝင်းခနကျေးရွာများမှာ ဒေသခံ ၄,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ဇန်နဝါရီလ ၄ ရက်နေ့တွင် သုံးရက်ပြည့်မြောက်ပြီဖြစ်သည်။ 

ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက်   အမှတ် ၂၈၃၊  ၂၈၄ နှင့်   ၃၂ တပ်ရင်းများကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက  တိုက်ခိုက်ရာတွင် သုံ့ပန်းတချို့ ရရှိခဲ့သည်၊ စစ်ကောင်စီဘက်မှ အကျအဆုံးများပြားသည်ဟု သိရသည်။ သုံ့ပန်းနှင့် သေသူ အရေအတွက်ကို မသိရသေးပေ။နယ်မြေခံ KNLA သည် ယခင်ကလည်း သုံ့ပန်း အများအပြား ရရှိထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button