ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါတငူးကျေးရွာအနီးတွင် ယမန်နေ့ (ဇန်နဝါရီ ၃) ည ၇နာရီခွဲခန့်က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အသက် ၅၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးသည်။
သေဆုံးသူမှာ ဒေါ်စိုးမြာဖြစ်ပြီး ထိုရွာအနီးတစ်ဝိုက် ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီး လေးလုံးအနက် တစ်လုံးမှ လက်နက်ကြီးစ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူက ပြောသည်။
“(တဲပေါ်) ကွတ်တိလာကျသွားတာပေါ့။ အမေ့ကို လာထိသွားတာ။ ရွှေ့မမီတော့ဘူး။ ပေါင်ကို ထိသွားတာ။ ကျမ ပေါင်ထိသွားပြီလို့ အမေက အဖေ့ကို အော်ပြောတယ်။ သေတဲ့အထိ အဖေက ဖက်ထားသေးတယ်။ မရတော့ဘူးဆိုမှ အဖေက ရွာကိုပြေးပြန်သွားတယ်။ ကျနော်တို့လာကြည့်တဲ့အချိန် အမေက တဲမှာ တစ်ယောက်တည်း သေနေတယ်” ဟု ၎င်းက ဆိုသည်။
ယမန်နေ့က ရွာနှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲမဖြစ်ခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီတပ်က မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် ဒီးမော့ဆို ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် လွိုင်ကော်လေဆိပ်အတွင်း ရှော့တိုက်ဒုံးတစ်လုံး ပေါက်ကွဲ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကြောင်း၊ လေဆိပ်ပစ်ခတ်ခံရပြီး တစ်နာရီခန့်အကြာတွင် အရှေ့မြောက်ဘက် ၂ မိုင်ကျော်အကွာရှိ ဒေါမူကလားကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး ဖြင့်ပစ်၍ ရွာသားနှစ်ဦး ဒဏ်ရာခဲ့ကြောင်း လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် မူကြိုကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ငါးနှစ်သမီးတစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့သည်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ခုခံတော်လှန်မှုအားကောင်းသည့် ရှမ်းပြည်နယ်တောင်ပိုင်းဖယ် ခုံမြို့နယ်နှင့် ကယားပြည်နယ်တို့တွင် ပြည်သူ ၂၉၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး စစ်ဘေးရှောင်ရင်းသေဆုံးသူ ၁၂၆ ဦး ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ဇန်နဝါရီ ၁ ရက်နေ့ စာရင်းများအရ သိရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)