သတင်း

မြောင်မြို့နယ် စစ်ဘေးရှောင်နေအိမ်များကို စစ်တပ်က ဖောက်ထွင်းခိုးယူ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးနေခြင်းကြောင့် ရွာ ၄ ရွာမှ ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာနေရပြီး လူမရှိတော့သည့် နေအိမ်များမှ ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်သားတို့က ယူဆောင်သွားကြသည်ဟု ဒေသခံများက ပြောသည်။

ထိုရွာများမှာ မြို့နှင့် ၈ မိုင်ခန့်အကွာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဖူးတွင်ရှိသည့် နဂါးပေါက်၊ ညောင်ကားယား၊ ထုံးပေါင်းနှင့် နေပူကုန်းကုန်းကျေးရွာတို့ ဖြစ်သည်။

အင်အား ၇၀ ခန့်ရှိသော စစ်ကောင်စီ၏ လက်နက်ကိုင်များက နဂါးပေါက်ကျေးရွာသို့ ဇန်နဝါရီ ၂ ရက်က စတင်ဝင်ရောက်လာပြီး နေအိမ် ၃ လုံးကို မီးရှို့ကာ နေအိမ်များမှ ပစ္စည်းများကိုလည်း စက်လှေ ၅ စီးဖြင့် သယ်ဆောင်သွားကြသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) မှ တာဝန်ခံ ကိုနွေဦးက ပြောသည်။

“အင်အား ၂၀ လောက်က ပြန်သွားလိုက်၊ နောက် ၂၀ လောက် ပြန်ဝင်လာလိုက်နဲ့ ကူးချည်သန်းချည် လုပ်နေကြတာ။ ပြည်သူပိုင်ပစ္စည်းတွေ သယ်နေကြတာပါ။ သယ်သွားလိုက်၊ ပြန်လာသယ်လိုက်နဲ့ ဒီနေ့နေ့လယ်ထိ သယ်နေကြတုန်း။ မနက်က နွားနှစ်ကောင်သယ်သွားတယ်။ အခေါက်ရေ မနည်းတော့ဘူး” ဟု သူက ပြောသည်။

နဂါးပေါက်ရွာတွင် ပြည်သူတို့၏ နေအိမ်ပရိဘောဂများကို ၂ ရက်ဆက် ယူငင်နေခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ ၃ ရက်တွင်လည်း စက်လှေ ၄ စီးဖြင့် သယ်ယူခဲ့ကြကြောင်း ဒေသခံတို့က ပြောသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း နဂါးပေါက်ကျေးရွာသို့ ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကို စက်လှများဖြင့် သယ်ဆောင်သွားခဲ့သေးကြောင်း ဒေသခံအချို့က ပြောသည်။

“ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ဘူးလေ။ မနှစ်က နိုဝင်ဘာလကြီးထဲ တစ်ခါ အိမ်တွေမီးရှို့တယ်။ ဒီလိုပဲ အိမ်တွေကပစ္စည်းတွေကို ခိုးထုတ်သွားကြသေးတယ်” ဟု နဂါးပေါက်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်သားတို့၏ ရန်ကြောင့် အထက်ပါရွာများမှ ဒေသခံများမှာ အနီးအနားကျေးရွာများတွင် ရှောင်တိမ်းနေကြရပြီး အချို့မှာ တောတွင်းဘေးလွတ်ရာနေရာများတွင် ပုန်းခိုနေကြရသည်။ အပူအချိန် ၁၈ ဒီဂရီစင်တီဂရိတ်ရှိသော မြောင်မြို့နယ်၏ ရာသီဥတုဒဏ်ကို စစ်ရှောင်နေရသူများ ခံစားနေကြရပြီး ရာသီဥတုအလွန်အေးသဖြင့် နဂါးပေါက်ကျေးရွာမှာ စစ်ရှောင်နေရသော အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး ဇန်နဝါရီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပုန်းရှောင်ရင်း သေဆုံးသွားခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတို့မှာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ဆောင်းရာသီ အအေးကာလအတွင်း အမိုးအကာမရှိသည့် နေရာများတွင် နေနေရသည်။

နဂါးပေါက်နှင့် အနီးဝန်းကျင်ရွာများတွင် နှစ်ည တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၃ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ထုံးပေါင်းကျေးရွာမှာ သံဃာတော်နှစ်ပါးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးအစထိမှန်ပြီး ဒဏ်ရာများရရှိထားကြောင်း CDSOM တာဝန်ခံ ကိုနွေဦးက ပြောသည်။

ထို့အပြင် မြောင်မြို့နယ်တောင်ပိုင်းအတွင်းရှိ ညောင်ကားယားရွာသည် စစ်ဘေးရှောင်နေရသည်မှာ ၁၀ ရက်ကျော်လာပြီဖြစ်ကာ ယင်းကျေးရွာ ဒေသခံ ၁၅၀၀ ကျော်လည်း ယခုအချိန်ထိ တောထဲတွင် စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။ 

မြောင်မြို့နယ်တစ်ခုလုံးတွင် ကျေးရွာပေါင်း ၈၆ ရွာရှိပြီး မြောင်အရှေ့ဘက်ခြမ်း ကျေးရွာများတွင် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသော ကျေးရွာ ၅ ရွာရှိပြီး နဂါးပေါက်၊ ထုံးပေါင်း၊ ညောင်ကားယား ကျေးရွာများ ပါဝင်ကြောင်း သိရသည်။ မြောင်မြို့နယ်တစ်ခုလုံးတွင် လက်ရှိစစ်ဘေးရှောင်နေရသူ ဦးရေမှာ ၆,၀၀၀ နီးပါးရှိနေပြီဖြစ်သည်။

မြို့နယ်အတွင်းရှိ ရွှေဘုံသာရွာ၊​ ကင်းရွာနှင့် ဆည်ရွာတို့မှ ဒေသခံများသည် နေ့ခင်းဘက်တွင် ကျေးရွာများအတွင်း အလုပ်ပြန်လုပ်ကြပြီး ညဘက်တွင် တောထဲသို့ ပြန်ဝင်ကာ စစ်ရှောင်နေရသည်ဟုလည်း ကိုနွေဦးက ပြောသည်။

စစ်သားတို့က ပစ္စည်းခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက် မရယူနိုင်သေးသလို ကျေးရွာများကို စစ်ကြောင်းထိုးခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button