အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အောင်ဆန်းကွင်း ငှားရမ်းခ တစ်လ ၄သိန်းကျော် အစိုးရ ဝင်ငွေရ

(ရန်ကုန်) — ရန်ကုန်မြို့လယ်ရှိ အောင်ဆန်းကွင်းငှားရမ်းခအဖြစ် အစိုးရက တစ်လလျှင် ကျပ် ၄သိန်းကျော်နှုန်း ဝင်ငွေ ရနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဇွန်လ ၆ရက်နေ့တွင် ပြောသည်။

အောင်ဆန်းကွင်းကို ၂ဝ၁ဝ မှစ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံသို့ နှစ် ၃ဝ ငှားရမ်းထားခြင်း ဖြစ်သည်။ ကနဦး သုံးနှစ်အတွက် အခမဲ့ ငှားရမ်းခဲ့သည်ဟု ဆိုသည်။

“ငါးနှစ်တစ်ကြိမ် စာချုပ် ချုပ်ဆို ငှားရမ်းခြင်း ဖြစ်ပါတယ်။ ငှားရမ်းခ ရတဲ့ငွေတွေကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပေးသွင်းရတယ် ” ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဦးနိုင်ငံလင်းက အစိုးရသည် ကွင်းငှားရမ်းခအဖြစ် တစ်နှစ်လျှင် ကျပ်သိန်း (၅ဝ) ရရှိသည်ဟု ဆိုသည်။ အဆိုပါနှုန်းအရ ဆိုလျှင် ကွင်းငှားခမှာ တစ်လ ကျပ် ၄၁၇,ဝဝဝ ခန့် ဖြစ်သည်။

စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာကွင်းကိုလည်း အောင်ဆန်းကွင်းနှုန်းအတိုင်း ဘောလုံးအဖွဲ့ချုပ်သို့ ငှားရမ်းခဲ့ကြောင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းကွင်းကိုမူ တစ်လ ကျပ် ၂သိန်းခွဲနှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း သိရသည်။

အောင်ဆန်းကွင်းကဲ့သို့ပင် ထိုနှစ်ကွင်းကိုလည်း နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။

အောင်ဆန်းကွင်းသည် အားနည်းချက်များ ရှိနေသည်ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်သည်။

“တကယ်တော့ အောင်ဆန်းကွင်းဟာ အရင်တုန်းကဆိုရင် ငါးကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲကို နိုင်ငံတကာ အဆင့်မီ ကျင်းပခဲ့တဲ့ ကွင်းကြီးပါ။ ဒါပေမယ့် ယနေ့ ဒီအောင်ဆန်းကွင်းကြီး အနေအထားဟာ သုဝဏ္ဏကွင်းလို၊ နေပြည်တော်က ကွင်းလို၊ မန္တလေးက ကွင်းလို အဆင့်မမီတော့ဘူး” ဟု ၎င်းက ပြောသည်။

ဘောလုံးကွင်း သုံးကွင်းကို နှစ်ရှည်ငှားရမ်းထားသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကွင်းအနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများကို စီမံခန့်ခွဲခြင်း ရှိမရှိ၊ ဆိုင်ခန်းငှားရမ်းခများ ရရှိခြင်း ရှိမရှိ မသိရသေးပေ။

အဆိုပါမေးခွန်းတို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သတင်းမီဒီယာအရာရှိ ဦးဇော်မင်းထိုက်ကို ဆက်သွယ်မေးမြန်းရာ ၎င်းက တယ်လီဖုန်းဖြင့် ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ တွေ့ဆုံမေးမြန်းရန်အတွက် Myanmar Now က ထပ်မံကြိုးစားသော်လည်း ဇွန်လ ၆ရက် ညနေပိုင်းအထိ အဆက်အသွယ် မရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button