သတင်း

အောင်ဆန်းကွင်းအပြင်ဘက် ကားဂိတ်များကို စစ်ကောင်စီ ပိတ်သိမ်းခိုင်း

ရန်ကုန်ဘူတာကြီးအနီးနှင့် အောင်ဆန်းအားကစားကွင်းအပြင်ဘက်တိုက်တန်းရှိ နိုင်ငံအနှံ့သို့ ကုန်ပစ္စည်းပို့ဆောင်ပေးသည့် လုပ်ငန်းများ၊ လက်မှတ်အရောင်းဌာနများ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းရတော့မည်ဟု သိရသည်။  

မင်္ဂလာတောင်ညွန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ (ဩဂုတ် ၄) ညနေပိုင်းက အစည်းအဝေးပြုလုပ်ပြီးနောက် စစ်ကောင်စီက ထိုသို့ ညွှန်ကြားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ 

“မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီးတော့ ပြောတယ်၊ ပစ္စည်းတွေကို ၂ ရက်အတွင်းပေါ့။ (ရန်ကုန်ကို) ဝင်တဲ့ ပစ္စည်းတွေရော၊ (ရန်ကုန်က) ထွက်တဲ့ပစ္စည်းတွေရော အပြီးရှင်းပေါ့။ အပြီးရှင်းပြီးသွားရင် ဂိတ်တွေထဲမှာ ဘာပစ္စည်းမှ ထားတာကို မလိုချင်ဘူးပေါ့” ဟု အောင်ဆန်းကွင်းရှိ ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၅ တွင် စစ်ကောင်စီက အောင်ဆန်းကွင်းအနီး စည်ပင်နယ်နမိတ်အတွင်းရှိ  ဆိုင်ခန်းများကို ဖယ်ရှားခိုင်းရာ ၎င်းငှားရမ်းထားသည့် အခန်းကို ဖျက်သိမ်းပေးလိုက်ရကြောင်း၊ အောင်ဆန်းကွင်းအနီးတွင် ဆိုင်ခန်း ထပ်မံဖွင့်လှစ်ရန် ချိန်ဆနေရကြောင်း ထိုသူက ဆက်ပြောသည်။ 

“အဲဒီတုန်းကတော့ ကျူးကျော်ဘက်တွေကို ဖျက်ချလိုက်ရတယ်။ ဒီရက်ပိုင်းမှာတော့ ၃ကြိမ် ဖယ်ခိုင်းတာကို စာပို့တယ်။ နယ်ကလာတဲ့ ပစ္စည်းတွေကို မြို့ထဲကို ပေးမဝင်ချင်ဘူး။ အဲဒီထဲမှာ တစ်ခုခုပါလာမှာတွေ အဲဒါကို စိုးရိမ်တယ်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

နှစ်ရက်အတွင်း အပြီးဖျက်သိမ်းရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု အောင်ဆန်းကွင်းတွင် ကားဂိတ်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးကလည်း အတည်ပြုသည်။

“ပိတ်ခိုင်းထားတယ်။ လောလောဆယ်တော့ ဆိုင်တွေကိုပါ ဖျက်ခိုင်းတယ်။ ဖျက်တာတော့ ဖျက်ပြီးသွားပြီ။ စာလာကပ်ပြီးတော့ ပိတ်ခိုင်းထားတာ။ စာမှာတော့ အိုးအိမ်က ဖျက်ခိုင်းတယ်ပေါ့၊ အဲဒီလိုမျိုးပဲ စာမှာ ရေးထားတယ်” ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် ဇွန် ၂ တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောင်ဆန်းကွင်းကို အဆင့်မြှင့်တင်ရန် သွားရောက်ကြည့်ရှုခဲ့ပြီး နိုင်ငံတကာအဆင့်မီ အိုလံပစ်အားကာစားပြိုင်ပွဲများ ကျင်းပနိုင်သည်အထိ ရည်ရွယ်တည်ဆောင်ရန် မှာကြားခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြဖူးသည်။

ရန်ကုန်မြို့လယ် အောင်ဆန်းကွင်းရှိ ကားဂိတ်များသည် နိုင်ငံအနှံ့ ကုန်စည်ပို့ဆောင်ရာတွင် အဓိကကျသည်။ 

ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများ ကန့်သတ်ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button