
(ရန်ကုန်) – ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် စက်မှုဇုန်ရှိ ဘာလာလာ (Balala) အာလူးကြော်စက်ရုံမှ အလုပ်သမားတချို့ စက်ရုံအပေါက်ဝကို ပိတ်ပြီး သပိတ်စခန်း ဖွင့်လှစ်ထားသဖြင့် စက်ရုံမန်နေဂျာက ရာဇသတ်ကြီး ပုဒ်မ ၃၄၁ (မတရားတားဆီးပိတ်ပင်မှု)ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်က အတည်ပြုပြောသည်။
သပိတ်စခန်းဦးဆောင်သူ စက်ရုံအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအောင်နှင့် အတွင်းရေးမှူး ဒေါ်မင်းမင်းဆွေတို့ကို စက်ရုံမန်နေဂျာက အမှုဖွင့်ထားခြင်းသာဖြစ်ပြီး ကျန်သပိတ်မှောက် အလုပ်သမားများ မပါဝင်ကြောင်း ရဲမှူးက ပြောသည်။
လွန်ခဲ့သော ၁၅ ရက်က လုပ်ငန်းခွင်အတွင်း အကြောင်းပြချက်မရှိဘဲ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်နှစ်ဦးကို အလုပ်မှ ရပ်စဲပစ်ရာမှ စက်ရုံအလုပ်သမားသမဂ္ဂဝင်များက စက်ရုံရှေ့ဝင်ပေါက်ဘေးတွင် သပိတ်စခန်း စတင်ဖွင့်လှစ်ခဲ့သည်။
၁၂ ရက်တိတိ သပိတ်စခန်း ဖွင့်လှစ်ခဲ့ရာတွင် သုံးကြိမ် ညှိနှိုင်းခဲ့သော်လည်း မပြေလည်ခဲ့သလို သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း သပိတ်မှောက်အလုပ်သမားများဘက်က လိုက်ပါကူညီဆောင်ရွက်ပေးမှု မရှိသည့်အပြင် နေ့စားဝန်ထမ်းများပါ ထပ်မံခေါ်ယူနေသည့်အတွက် ဇွန်လ ၄ ရက်နေ့ကစပြီး စက်ရုံဝင်ပေါက်ကိုပိတ်ကာ သပိတ်စခန်းဖွင့်ခဲ့ကြသည်ဟု သပိတ်မှောက်အလုပ်သမားတချို့က ဆိုသည်။
ယနေ့(ဇွန် ၆ ရက်) မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် ညှိနှိုင်းပြီး အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း၊ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို သပိတ်မှောက်အလုပ်သမားများဘက်က မလိုက်နာဘဲ သပိတ်စခန်းကို ဆက်လက်ဖွင့်ထားမည်ဆိုပါက အထက်ရဲတပ်ဖွဲ့ အဆင့်ဆင့်သို့ သတင်းပို့ကာ သပိတ်စခန်းကို လူစုခွဲရန် ညွှန်ကြားချက်ရပါက လူစုခွဲမည်ဟု ရဲမှူးမောင်မောင်က ပြောသည်။
“အထက်က လုပ်ဆိုလုပ်ရမှာပဲ။ လူစုခွဲဆို ခွဲရမှာပဲ။ လုံခြုံရေးပေးထားဆို ပေးရမှာပဲ။ ကျွန်တော်တို့အနေနဲ့က အခုချိန်မှာ စက်ရုံအထဲမှာ လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမားတွေနဲ့ သပိတ်မှောက် အလုပ်သမားတွေ ခိုက်ရန်မဖြစ်ပွားအောင် ကြားဝင်ဆောင်ရွက်နေရတယ်။ အလုပ်သမားကိစ္စက သူတို့ အလုပ်သမားအဖွဲ့အစည်းက ဖြေရှင်းပေါ့။ ကျွန်တော်တို့က ရာဇဝတ်မှုတွေ မကျူးလွန်ကြရအောင် လုပ်နေရတယ်” ဟု သူက ဆိုသည်။
မတရားတားဆီးပိတ်ပင်မှု ပုဒ်မ ၃၄၁ အရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် တစ်လ သို့မဟုတ် ငွေဒဏ် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။
ယနေ့တွင် မြို့နယ်အလုပ်သမားရုံးတွင် လုပ်ငန်းခွင်ဝင်နေကြသော အလုပ်သမား၊ အလုပ်ရှင်နှင့် သပိတ်မှောက်ကြသည့် အလုပ်သမားများ ညှိနှိုင်းသော်လည်း မပြေလည်သေးကြောင်း၊ အလုပ်ရှင်ဘက်က မိမိတို့တောင်းဆိုသည့် အလုပ်ပြန်လည်ခန့်ထားရေးကို သဘောတူသော်လည်း လုပ်ငန်းခွင်ဝင်နေကြသော အလုပ်သမားများက လက်မခံကြဟု အလုပ်ထုတ်ခံထားရသည့် စက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မမင်းမင်းဆွေက ပြောသည်။
မိမိတို့ကို အလုပ်ပြန်ခန့်ပြီး လုပ်ငန်းခွင်အတွင်း ပြဿနာမဖြစ်ပွားစေရန် မိမိတို့ဘက်ကိုသာ ခံဝန် ထိုးခိုင်းကြောင်း၊ ခံဝန်ကို အလုပ်သမား နှစ်ဖက်လုံးထိုးရန် မိမိတို့တောင်းဆိုသည်ကို မလိုက်လျောသည့်အတွက် မိမိတို့ကို အလုပ်ပြန်ခန့်ရေးက မရေရာသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်မတို့ ၁၂ ရက်လုံးလုံး ဝင်ပေါက်ကိုမပိတ်ဘဲ သပိတ်စခန်းဖွင့်ထားတာမှာ အလုပ်ရှင်ဘက်က ပြေပြေလည်လည်ဖြစ်အောင် မလုပ်တဲ့အပြင် နေချင်သလိုနေကြဆိုသလို ပစ်ထားတယ်။ နေ့စားတွေပါ ခေါ်ခိုင်းလို့ အပေါက်ကိုပိတ်ပြီး သပိတ်စခန်း ဖွင့်လိုက်ရတာ။ ဒီနေ့လည်း ကျွန်မတို့ကို ပြန်ခန့်ရင် တစ်ဖက်အလုပ်သမားတွေ ထွက်မယ်ဆို ဘယ်လိုတာဝန်ယူမလဲတဲ့။ ဒါ အလုပ်ရှင်ရဲ့တာဝန်ပဲလေ။ တစ်ယောက်ထွက်ရင် တစ်ယောက်ပြန်ခန့်ဖို့က သူတို့စီမံရမှာပဲလေ” ဟု ၎င်းက ဆိုသည်။