သတင်း

ငါန်းဇွန်မြို့နယ်မှ အကျဉ်းသား ၇ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရေဇင်းရွာသား ၇ ဦး ဒီဇင်ဘာ ၂၄ ညတွင် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့၏ ရုပ်အလောင်းများ ရွာအနီးတွင် ပြန်တွေ့ရကြောင်း ဒေသခံများက ပြောသည်။

 ၆၂ နှစ်အရွယ် ဦးစိန်မောင်မြင့်၊ အသက် ၅၀ အရွယ် ဦးစိန်အောင်၊ ၄၃ နှစ်အရွယ် ဦးကျော်တင်၊ ၃၇ နှစ်အရွယ် ကိုဆွေလင်းအောင်တို့၏ ရုပ်အလောင်းများကို ညတွင်းချင်းပင် ရွာအနီး မိကျောင်းတပ်ဟု ခေါ်သည့် နေရာတွင် ရွာသားများ တွေ့လိုက်ရသည်ဟု  ဒေသခံတစ်ဦးက ပြောသည်။

အသက် ၃၈ နှစ်အရွယ် ကိုမျိုးနိုင်၊ ကိုနိုင်ဝင်းဆွေနှင့် ကိုသုခတို့၏ အလောင်းများကိုမူ ဒီဇင်ဘာ ၂၆ တွင် ရေဇင်းနှင့် ငါးမိုင်ခန့်အကွာ ကုလရွာကြီး၏ တောင်ဘက်တွင် လာရောက်စွန့်ပစ်ထားသည်ဟု အထက်ပါဒေသခံက ဆိုသည်။ 

“(စစ်ကောင်စီတပ်) ဗျူဟာက ဘယ်လိုလုပ်လဲဆိုတော့ လူတွေကို သတ်ပြီး ခြိမ်းခြောက်လိုက်တယ်။ အမှန်က အကြောက်တရားသွင်းတာပဲ။ အကြောက်တရားသွင်းပြီးတော့မှ ငါန်းဇွန်ဆေးရုံးကို သယ်သွားတယ်” ဟု ၎င်းက ဆိုသည်။ 

၂၀၂၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအောင်နိုင်ရေးတွင် ပါဝင်သူများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲဦးဆောင်သူတို့ကို စစ်ကောင်စီတပ်က စာရင်းကောက်ယူထားပြီး ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာပေါ်ပေါက်ပါက ပစ်မှတ်ထား ဖမ်းဆီးလေ့ရှိသည်။

ဒီဇင်ဘာ ၂၃ ညပိုင်းတွင် ရေဇင်းရွာမှ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင် ဇင်မျိုးထက်ဆိုသူ အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာကို စီးနင်းကာ ရွာသား ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် မိသားစုဝင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို ငါးဇွါန်မြို့မရဲစခန်းနှင့် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကိုလည်း မမေးမြန်းနိုင်သေးပါ။ 

စစ်တပ်အာဘော်သတင်းများဖော်ပြနေသည့် MDY Image တယ်လီဂရမ်ချန်နယ်တွင် ရေဇင်းနှင့် သားကျင်ရွာသွားလမ်းဘေးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၄ လောင်းကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ ထိုဓာတ်ပုံများတွင် ရင်ဘတ်တွင် သွေးစွန်း၊ မျက်နာများတွင် အညိုအမည်းစွဲနေသည့် ဒဏ်ရာများနှင့် ရုပ်အလောင်းလေးခုကို တွေ့ရသည်။  

ယခုလ ဒီဇင်ဘာ ၁၉ ကလည်း ငါန်းဇွန်နှင့် မြင်းခြံမြို့နယ်အစပ် ဆီမီးခုံမြို့အနီး ငါ့နန်းရွာနှင့် နံသာလှိုင်ရွာကြား ချောင်းစပ်တွင် ဝမ်းဗိုက်တွင် ဓားဒဏ်ရာရှိနေသော အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို စစ်ကောင်စီတပ်က စွန့်ပစ်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသော မြင်းခြံခရိုင်အတွင်းရှိ ငါန်းဇွန်မြို့နယ် ရေဇင်းကျေးရွာသည် ဧရာတီမြစ် ရေဝင်ကျွန်းရွာ ၁၂ ရွာနှင့် ဆက်စပ်နေပြီး အိမ်ခြေရာချီရှိကာ ယခုဖြစ်စဉ်ဖြစ်ပြီးနောက် ဒေသခံအများအပြား တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က ယမန်နေ့ညက ငါန်းဇွန်မြို့ပေါ်ကို ဝင်မွှေကာ မြို့ခံအမျိုးသမီးအချို့ကို ဖမ်းဆီးမှုရှိကြောင်း၊ ကျေးရွာအများအပြားကို စစ်ကြောင်းထိုးနေကြောင်း ဒေသခံတို့က ဆိုသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိနေသည့် မြို့သာစက်မှုဇုန်စီမံကိန်းနှင့် ဆက်စပ်သော ငါန်းဇွန်မြို့နယ်တွင် ဆန့်ကျင်သူတို့ကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြန့်ကြက်ထားရှိကြောင်း ၎င်းတို့က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက လက်လှမ်းမီသမျှ ကောက်ထားသည့် အချက်အလက်များအရ စစ်အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာ ၂၇ အထိ စစ်ကောင်စီတပ်က ပြည်သူ ၂၆၆၉ ဦးကို သတ်ဖြတ်ခဲ့သလို ၁၃,၁၄၃ ဦးကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button