စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ဒဏ်ရာရသူများထဲမှ ၄ နှစ်အရွယ်ကလေးငယ်သေဆုံး၊ သူ၏ အသက် ၆၀ ကျော် အဘွားဖြစ်သူလည်း စိုးရိမ်ရသည်ဟု ဒေသခံများက (ဒီဇင်ဘာ ၂၆) တွင် ပြောသည်။
ဒီဇင်ဘာ ၂၃ တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာဘက်မှ ဧရာဝတီမြစ်၏ တစ်ဖက်ခြမ်းရှိ စစ်ကောင်စီတပ်က ၆၀ မမ သုံးလုံးနှင့် အတွဲလိုက် ဒုန်းများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ဒေသခံ ၇ ဦး ဒဏ်ရာရသည်၊ ၄ နှစ်သမီးကို မြို့နယ်အတွင်းရှိ နွေဦးရောင်နီ ဆေးကုခန်းသို့ ပို့ဆောင်နေစဉ်လမ်းခုလတ်တွင်ပင် ဆုံးပါးသွားသည်၊ အဘွားဖြစ်သူလည်း ဒဏ်ရာ သက်သာလာခြင်းမရှိသေးဘဲ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။
“အဘွားဖြစ်သူကတော့ ပြောရရင် စိတ်မကောင်းဖြစ်စရာသတင်းကို ခုထိတော့ မကြားရသေးဘူးပေါ့။ အသည်းကို မှန်သွားတာ။ စိုက်ဝင်သွားတာပေါ့။ အူတွေ၊ ကလီစာတွေတောင်မြင်နေရတာ။ အခုတော့ ကုသထားပါတယ်။ ဒဏ်ရာပြင်းလို့ တစ်နေရာကို လွှဲထားပါတယ်။ အဘွားဖြစ်သူကတော့ မြေးဖြစ်သူ ဆုံးတာ အခုထိ မသိသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ညောင်ကားယားကျေးရွာမှ အိမ်ထောင်စု ၃၀၀ ကျော်မှာ ထိုနေ့မနက်၌ပင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယင်းတို့အနက်မှ အိမ်ထောင်စု ၁၂၈ စု၊ လူဦးရေ ၇၀၀ နီးပါးမှ တောထဲတွင် ပိတ်မိနေသည်မှာ ၃ ရက်ရှိလာပြီဖြစ်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏ တာဝန်ခံက ပြောသည်။
“တောထဲ ပိတ်မိနေတဲ့စစ်ရှောင်တွေကို ညစာရိက္ခာသွားဝေနေတဲ့အချိန် စစ်ကောင်စီကနေ မြစ်တစ်ဘက်ကမ်းကနေ လှမ်းပစ်တယ်။ လှမ်းပစ်လို့ ကျွန်တော်တို့တွေအကုန်နောက်ဆုတ်ပြီး ထွက်ပြေးရတယ်။ အတော်ကြာမှ သွားပြန်ဝေရတယ်။ စားစရာတောင်ဝေလို့မရဘူးဖြစ်နေတာ။ ဒီနေ့မနက်တော့ အသီးအနှံလောက်ပဲ ထပ်ပို့ရတယ်” ဟု CDSOM တာဝန်ခံက ယမန်နေ့က ပြောသည်။
ညောင်ကားယားကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး တပ်စွဲထားသဖြင့် ရွာမှ အခြားအိမ်ထောင်စု ၁၀၀ ကျော်မှာ စစ်ကြောင်းမရှိသည့် ရွာများသို့ သွားရောက်ကာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရကြောင်းသိရသည်။
“လောလာဆယ် မပြန်နိုင်ကြသေးဘူး။ ပြန်လည်း မပြန်ရဲကြဘူး။ ဟိုဘက်ကမ်း တာဘောင်ပေါ်ကနေ လှမ်းပစ်နေတာ ၆၀ မမနဲ့။ ဒရုန်းနဲ့လည်း လာလာချတယ် ရွာထဲကို။ အကုန်ကြောက်ပြီး တောထဲကနေ မပြန်ရဲကြဘူး” ဟု CDSOM တာဝန်ခံက ပြောသည်။

မြောင်ဒေသ အပါအဝင် ပစ်ခတ်မှုရှိသော မြို့နယ်များ၏ အခြေအနေကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
မြောင်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲမဖြစ်သည်မှာ တစ်ပတ်ခန့် ရှိလာပြီဖြစ်သည်။
သို့သော် စစ်ကောင်စီက ကျေးရွာများအတွင်း စစ်ကြောင်းထိုး ချီတက်၊ ဝင်ရောက်တပ်စွဲသလို အဝေးမှ လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်နေသည်ဟု ဒေသခံတို့က ဆိုသည်။
ဒီဇင်ဘာ ၁၅ မှ စတင်ပြီး စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၈၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ထိုရွာများမှာ ဆွဲလည်းအို၊ နဘတ်၊ တောင်ကြီး၊ ရွှေဘုံသာ၊ ကင်းရွာ၊ ဆင်မင်း၊ ဖွားစော၊ ပေါက်တော၊ ကျောက်ဖူးကုန်း၊ ဗိုလ်မြတ်သာ၊ ကံမကုန်းနှင့် လှေတင်ဦး ကျေးရွာတို့ဖြစ်ကြသည်။
အချို့သော ကျေးရွာများအတွင်း မပြေးလွှားနိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူအချို့သာ ကျန်ရစ်နေဆဲဖြစ်ကြောင်း CDSOM မှ အထက်ပါတာဝန်ခံက ဆိုသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီတပ် ဝင်သည့် ဖွားစော၊ ကတုတ်ကုန်းနှင့် လှေတင်ဦးကျေးရွာများတွင် အိမ်ခြေ ၄၀ နီးပါး မီးလောင်သည်။
မြောင်မြို့နယ်တွင် ကျေးရွာ ၈၆ ရွာရှိပြီး၊ ကျေးရွာတစ်ရွာလျှင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်အရေးကူညီပေးနေသည့် လူငယ်ကွန်ရက်တစ်ခုကပြုစုထားသည့် စာရင်းများအရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်၍ မြောင်မြို့နယ်အတွင်း စစ်ကောင်စီ ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၄၆ ဦးကျော်ရှိနေပြီး၊ သတ်ဖြတ်ခံရသည့်အရေအတွက်မှာ ၂၅ ဦးဝန်းကျင်ရှိပြီဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုရေးအဖွဲ့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



