
ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက မြန်မာရှိ စက်သုံးဆီသိုလောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းကို ရပ်ဆိုင်းမည်ဟု ဒီဇင်ဘာ ၂၂ တွင် ထုတ်ပြန်ကြေညာသည်။
PTT ၏ လက်အောက်ခံ PTT Oil and Retail Business Public Limited(OR) က ကမ္ဘောဇအုပ်စု၏ Brighter Energy တွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းထည့်ဝင်ကာ ဆီသိုလှောင်ဖြန့်ဖြူးခြင်းကို ၂၀၁၉ တွင် အကျိုးပူးပေါင်းလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်နီးပါးရှိချိန်တွင် ထိုလုပ်ငန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကြောင့် နိုင်ငံအများပြားက အရေးယူပိတ်ဆို့မှုများ ချမှတ်လာသဖြင့် ထိုင်းကုမ္ပဏီအနေဖြင့် ထိုလုပ်ငန်းတွင် ရင်းနှီးငွေထည့်ဝင်ခြင်းနှင့် လည်ပတ်ခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း PTTက ထုတ်ပြန်ကြေညာထားသည်။
“BE (Brighter Energy) ရဲ့ လုပ်ငန်းလည်ပတ်မှု၊ တည်ဆောင်ရေးလုပ်ငန်းနှင့် ငွေပေးချေမှုကိစ္စတွေကို ရပ်တန့်ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အတိအလင်းကြေညာပြီးဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီပွားရေးဆိုင်ရာ ကျင့်ဝတ်နှင့် မူဝါဒများကို တင်းကျပ်စွာလိုက်နာသလို မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ကုမ္ပဏီဘက်က ဆိုသည်။
သို့သော် PTT ကုမ္ပဏီသည် စစ်ကောင်စီ၏ အကြီးဆုံးဘဏ္ဍာငွေအရင်းအမြစ်ဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် အကျိုးတူပူးပေါင်းပြီး ရေနံနှင့် ဓာတ်ငွေ့တူးဖော်ထုတ်လုပ်နေပြီး ဝင်ငွေများမှာ စစ်ကောင်စီထံ စီးဆင်းကြောင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆိုင်ရာ တက်ကြွလှုပ်ရှားသည့်အဖွဲ့အစည်းများက ဝေဖန်သည်။
PTT က ထိုသို့ ရပ်ဆိုင်းရန် ဆုံးဖြတ်မှုသည် ၎င်းတို့လုပ်ငန်းမှ ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သော Norway’s Oil Fund နုတ်ထွက်သွားပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Norway’s Oil Fund နုတ်ထွက်မှုကြောင့် PTT ကုမ္ပဏီအတွက် အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာပိုင်းတွင် အကြီးအကျယ်ထိခိုက်သဖြင့် အဖတ်ဆယ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု စစ်ကောင်စီထံ စီးဆင်းသည့် ဓာတ်ငွေ့ဝင်ငွေများဖြတ်တောက်ရန် လှုပ်ရှားနေသည့် သွေးစွန်းငွေအဖွဲ့၏ အဖွဲဝင် စောအယ်(လ်)မူးက ဆိုသည်။
“အဖြေက ရှင်းနေပြီ။ မိုးကြိုးကြောက်လို့ ထန်းလက်နဲ့ ကာတယ်ဆိုတဲ့အကွက်မျိုးရှိတယ်”။
PTT သည် ယခုစီမံကိန်းကို ရပ်နားသည်ဟု ကြေညာထားသလို အခြားလုပ်ငန်းများနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုနေကြောင်း၊ သို့သော် မီးရှို့၊ လူသတ်နေသည့် စစ်တပ်ကို ဒေါ်လာဘီလျံနှင့်ချီပေးနေသည့် ရေနံတူးဖော်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လျစ်လျူရှုထားကြောင်း ၎င်းက ဆိုသည်။
“မြန်မာပြည်သူလူထုတောင်းဆိုတာ အာပေါက်နေပြီဗျာ။ PTT က ပေးနေတဲ့ ပိုက်ဆံတွေကို စစ်အုပ်စုကို မပေးပါနဲ့တော့၊ ရပ်ပါတော့။ လူသတ်၊ မီးရှို့၊ ဗုံးကြဲနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို အစိုးရလိုမျိုး ပြုမူဆက်ဆံတာမျိုး ရပ်ပါတော့လို့ အကြိမ်ကြိမ်အခါခါ တောင်ဆိုခဲ့တာမျိုးရှိတယ်။ ဒါတွေ အဖက်မှ မလုပ်ခဲ့တာပဲ” ဟု စောအယ်(လ်)မူးက ပြောသည်။
မြန်မာတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စစ်တပ်၏ စစ်ဆင်ရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘဏ္ဍာရေးအထောက်ပံ့ပြုသည်ဟုဆိုကာ Norway’s Oil Fund က PTT ကုမ္ပဏီက ဒီဇင်ဘာလ ၁၅ တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်နေသည့် ပြင်သစ်အခြေစိုက် Total နှင့် မလေးရှားနိုင်ငံပိုင် Petronas ကဲ့သို့ ကုမ္ပဏီများ နုတ်ထွက်သွားသော်လည်း PTT က လုပ်ပိုင်ခွင့်များတိုးချဲ့နေကြောင်း သွေးစွန်းငွေအဖွဲ့က ဆိုသည်။
မြန်မာတွင် ရတနာ၊ ရဲတံခွန်၊ ရွှေ၊ ဇောတိက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုရှိသည့်အနက် ရတနာစီမံကိန်းမှ Total ထွက်သွားပြီးနောက် ထိုင်း PTT သည် အော်ပရေတာအဖြစ် လွဲပြောင်းယူခဲ့သည်။ ထို့အပြင် PTT ကုမ္ပဏီသည် ဇောတိကစီမံကိန်း၏ အော်ပရေတာလည်းဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီလက်ထက်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ထွက်ခွာသွားသလို စစ်တပ်ပိုင်လုပ်ငန်းများကိုလည်း ပြည်သူတို့က သပိတ်မှောက်ထားကြသည်။
ပြည်သူတို့၏ ဆန့်ကျင်မှုများကြောင့် စစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Mytel နှင့် မြန်မာဘီယာလုပ်ငန်းတို့ များစွာအထိနာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)