သတင်း

ပခုက္ကူရွှေချောင်း ရေတက်မှုကြောင့် နေအိမ်တချို့ ရေထဲမျော

(ရန်ကုန်) — မကွေးတိုင်းပခုက္ကူတွင်မိုးကြီးပြီး ချောင်းရေတက်မှုကြောင့် နေအိမ်၇လုံးနှင့် ကား၂စီးသည် မြို့အရှေ့ဘက်ရှိ “ရွှေချောင်း” ချောင်းအတွင်း ယမန်နေ့ (ဇွန်လ၆ရက်) ညဉ့်သန်းခေါင်တွင် မျောပါသွားပြီး နေအိမ်၂ဝခန့် အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“မြိုင်ဘက်က မိုးအရမ်းများနေတော့ အဲ့ဒီကရေတွေက ရွှေချောင်းထဲ စီးရာကနေ ဖြစ်လာတာ။ အိမ်တွေ၊ ကားတွေ မျောပါသွားပြီး၊ ရပ်ကွက် ဓမ္မာရုံလည်း ရွှေ့ရတယ်။ ကျွန်တော်တို့ရပ်ကွက်မှာ စာသင်ကျောင်းတော့ မရှိဘူး။ ကျွန်တော်တို့နဲ့ ၁ဝမိုင်ကျော်လောက်ဝေးတဲ့ ကန်တော်မှာလည်း ဆည်ပေါက်နေတယ်” ဟု ချောင်းဘေးတွင် တည်ရှိသည့် အမှတ်(၃)၊ ရွှေကန်သာရပ်ကွက်မှ ကိုတင်ဝင်းက ပြောသည်။

“ရွှေချောင်း” ချောင်းရေကြီးမှုကြောင့် ၂ဝ၁၁ခုနှစ်တွင် လူတစ်ရာကျော် သေဆုံးခဲ့ပြီး၊ တံတားတစ်စင်း ကျိုးခဲ့ကာ အပျက်အစီး ဆုံးရှုံးမှု များပြားခဲ့သည်ဟု ပခုက္ကူဒေသ ခံတစ်ဦးဖြစ်သည့် ဦးကျော်ကျော်က ပြောသည်။

အမှတ်(၃)ရပ်ကွက်အတွင်း အိမ်ခြေ တစ်ထောင်နီးပါးရှိပြီး တစ်ဝက်ခန့်မှာ ချောင်းနှင့်ကပ်လျက်နေရာတွင် ရှိကြောင်း ဒေသခံများက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူရှိ ကန်တော်ဒေသရေထိန်းကန်၏ ရေပိုရေလွှဲသည် ဇွန်လ၆ရက်တွင် ကျိုးသွားခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မိုးရွာသွန်းနေသောကြောင့် ကန်တော်ရေကန် ကျိုးပေါက်မှုကို ပြုပြင်ရန် ခက်ခဲနေပြီး လမ်းမကြီးများပေါ် ရေကျော်မှုကြောင့် ခရီးသွားလာမှု ကြန့်ကြာမှုဖြစ်ပွားခဲ့သည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ပြောသည်။

“မိုးရပ်သွားရင်တော့ အဲဒါပြင်ဖို့ လုပ်ငန်းစမှာပါ။ အခုရွှေချောင်းရေကြီးတာက ရေကြောင်းအိမ်တွေဘက်ကို ဦးတိုက်ကြီးစီးနေတော့ ရေကြောင်းပြောင်းလို့ရအောင် သက်ဆိုင်ရာ

တာဝန်ရှိသူတွေနဲ့ တိုင်ပင်နေတယ်။ အခုလောလောဆယ်တော့ မျောပါသွားတဲ့ နေအိမ်တွေအတွက် ထောက်ပံ့မှုတွေ လုပ်နေပါတယ်” ဟု ဦးဟန်ဇော်ဝင်းက ပြောသည်။

တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်း၊ ဆန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့မည်ဟုလည်း သူက ပြောသည်။

ရေကြီးမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ လူအသေအပျောက် မရှိဟု ဆိုသည်။

စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိကြောင်း အာဏာပိုင်တို့က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ပခုက္ကူမြို့နယ် အတွင်း ပခုက္ကူ- ပေါက်ကားလမ်း နှင့် ပခုက္ကူ-ဆိပ်ဖြူကားလမ်းပိုင်းတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားနေသဖြင့် ယာဉ်များ သွားလာနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button