အာဏာရှင်အဆက်ဆက်တော်လှန်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတင်အေးကြူ ခေါ် ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) သည် ယနေ့ (ဒီဇင်ဘာ၂၀) မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကွယ်လွန်သွားကြောင်း မိသားစုက ပြောသည်။
မန္တလေးမြို့တွင် နေထိုင်သည့် အသက် ၇၁ နှစ်အရွယ် အထက်တန်းရှေ့နေ ဦးတင်အေးကြူသည် အောက်တိုဘာလဆန်းမှစ၍ အဆုတ်ကင်ဆာရောဂါအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသနေရာ ၂ လကျော်အကြာတွင် ကွယ်လွန်ခဲ့ကြောင်း သမီးဖြစ်သူက Myanmar Now ကို ပြောသည်။
“အဆုတ်ကင်ဆာရောဂါပါ။ ရောဂါက စသိတဲ့ အချိန်မှာကိုက ရောဂါက ရင့်နေပြီ။ ကင်ဆာဆေး ပထမအကြိမ်သွင်းပြီးတဲ့နောက် ကိုယ်ခံအားတွေ ကျလာတာကနေ ရောဂါပိုးဝင်ပြီး ကွယ်လွန်တာပါ” ဟု ၎င်းက ဆိုသည်။
ရုပ်အလောင်းကို (ဒီဇင်ဘာ ၂၁) တွင် ဘန်ကောက်၌ပင် သင်္ဂြိုဟ်သွားမည်ဟု သိရသည်။
၁၉၇၆ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် မောင်မှိုင်းလွင် (အင်းဝ) သည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရင်း နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်လှုပ်ရှားမှုကြောင့်ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် (၉) နှစ် ချမှတ်ခံခဲ့ရသည်။
၎င်းသည် ၁၉၈၈အရေးအခင်းတွင် မန္တလေးရှေ့နေများသမဂ္ဂတွင် ပါဝင်လှုပ်ရှားခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် မန္တလေးအခြေစိုက် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (မနတ) ပါတီ ဗဟိုအလုပ်အမှုဆောင် (CEC) အဖြစ် ပါဝင်ခဲ့သည်။ ထိုစဉ်က စစ်အစိုးရက ပါတီများကိုဖျက်သိမ်းချိန် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းသည့်အခါတွင်လည်း ကျန်းမာရေးမကောင်းသည့်ကြားမှ တော်လှန်ရေးအတွက် နိုင်ရာတာဝန်ကို ထမ်းဆောင်ပါဝင်ခဲ့ကြောင်း မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းမှ ကဗျာဆရာတစ်ဦးက ပြောသည်။
“အာဏာရှင်အဆက်ဆက် တော်လှန်ခဲ့တဲ့ ကဗျာဆရာပါ။ လူအားဖြင့် ကဗျာအားဖြင့် တော်လှန်ခဲ့တဲ့လူကြီး။ ကျွန်တော်တို့ လေးစားအားကျရတဲ့ ကဗျာဆရာကြီးပါ။ ခုလို ခေတ်ဆိုးခေတ်ပျက်ကြီးကနေ လွတ်မြောက်သွားတာပေါ့။” ဟု အထက်ပါ ကဗျာဆရာက မှတ်ချက်ပြုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)