သတင်း

ကလေးမြို့အနီး နန်းချောင်းရွာကို စစ်တပ်က နှစ်ရက်ကြာ တပ်စွဲပြီး မီးရှို့

စစ်ကိုင်းတိုင်းအနောက်ပိုင်း ကလေးမြို့အနီးရှိ နန်းချောင်းရွာကို စစ်ကောင်စီတပ်က နှစ်ရက်ကြာ တပ်စွဲပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ရာ အဆောက်အအုံ ၂၇ လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ကလေးမြို့မြောက်ဘက် ၆ မိုင်ခန့် အကွာရှိ ချင်းတိုင်းရင်းသားအများစုနေထိုင်ရာ နန်းချောင်းရွာကို ယခု လ ၁၂ ရက်တွင် စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ မီးရှို့ခံရသဖြင့် အိမ်ခြေ ၂၀၀ ခန့်ရှိသည့်အနက် လေးပုံတစ်ပုံခန့် မီးလောင်သွားကြောင်း ဒေသခံတို့က ပြောသည်။​

ယနေ့ (ဒီဇင်ဘာ ၁၄) နံနက်ပိုင်းတွင် စစ်တပ်ပြန်ထွက်သွားပြီးနောက် ရွာအတွင်း ဝင်ရောက်ကြည့်ရှုစဉ် ဘုရားကျောင်းတစ်ခုအပါအဝင် နေအိမ်အတော်များများ မီးလောင်ပျက်စီးနေသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု ရွာထဲကို ဝင်ရောက်ရှင်းလင်းနေတယ်။ အလောင်းတစ်လောင်းတော့ မီးရှို့ခံထားရတာ တွေ့တယ်။ ရွာထဲက အိမ်ခြေ လေးပုံတစ်ပုံလောက်တော့ မီးလောင်ပျက်စီးသွားပြီ။ ဘုရားကျောင်းတစ်ကျောင်းတော့ မီးထဲပါသွားတယ် ” ဟု ၎င်းက ဆိုသည်။

စစ်တပ်က ထွက်မပြေးနိုင်သည့် နန်းချောင်းရွာသားအချို့ကို ဖမ်းဆီးထားခဲ့ရာ ၎င်းတို့ပြန်ထွက်ချိန်တွင် ရွာသားများကို ဖမ်းခေါ်သွားခြင်း ရှိမရှိ စိစစ်နေဆဲဖြစ်သည်ဟုလည်း အထက်ပါ PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာစဉ် ထိတွေ့တိုက်ပွဲဖြစ်ပါက ရွာထိခိုက်နစ်နာမည်စိုးသောကြောင့် နောက်ဆုတ်ပေးလိုက်ပြီးနောက် ရွာမီးရှို့ခံရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

“တိုက်ပွဲက ထိတွေ့မှု ဖြစ်တာတော့ မရှိဘူး။ ရွာနာမှာ စိုးလို့ ကျွန်တော်တို့က ရှောင်ထားတယ်။ သူတို့က ရွာထဲဝင်လာတာနဲ့ ကျွန်တော်တို့ဘက်ကို လက်နက်ကြီးနဲ့ထု ရွာကိုလည်း မီးရှို့ အဲ့လိုမျိုးလုပ်တာ” ဟု PDF တာဝန်ရှိသူက ပြောသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် မီးရှို့ ဖျက်ဆီးလေ့ရှိသည်ဟု ဒေသခံများ PDF များက ပြောဆိုသော်လည်း စစ်ကောင်စီကမူ ငြင်းဆိုလေ့ရှိသည်။

ကလေးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးပြီး ထိန်းချုပ်ထားနိုင်သည့် အနေအထားရှိနေသည့်အတွက် စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် နန်းချောင်းရွာဒေသခံများအပါအဝင် အနီးအနားရှိ ပြည်တော်သာ၊ သာယာကုန်း၊ အောင်မြင်သာ စသည့် ကျေးရွာတို့မှ ဒေသခံ ပြည်သူ ၃,၀၀၀ ကျော် ထွက်ပြေးနေရသည်။

စစ်ကောင်စီတပ်က နန်းချောင်းရွာအတွင်းကို  စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းကြောင့် စစ်ရေးတင်းမာနေပြီး ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ်လမ်းမကြီးတွင် မော်တော်ယာဉ်များ မသွားလာကြရန် ကလေး PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်နေပြီး မြို့ပေါ်တွင်လည်း ပြောက်ကျားတိုက်ခိုက်မှုများရှိနေသည်။

အာဏာသိမ်းစစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံခဲ့သည့် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေ စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း PDF ယခုနှစ် ဖေဖော်ဝါရီလတွင် ကလေး PDF က ကြေညာခဲ့သည်။

စစ်ကောင်စီသည် ပြည်သူ့အိုးအိမ်များကို စနစ်တကျဖျက်ဆီးနေကြောင်း၊ အာဏာသိမ်းပြီးနောက် ပြည်သူပိုင်အိုးအိမ် ၃၈,၀၀၀ ​ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကာ လူပေါင်း ၁ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု ကုလသမဂ္ဂက ယခုလ ၂ ရက်တွင် ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button