
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဖမ်းဆီးသွားသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ ရှေ့နေအမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရသည့်ကိစ္စအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကန့်ဘလူခရိုင် PDF တို့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
အသက် ၅၀ ခန့်အရွယ် ရှေ့နေဒေါ်စန်းစန်းရီမှာ ဒီဇင်ဘာ ၁ ရက်က ကန့်ဘလူခရိုင်တရားရုံးမှ ရွှေဘိုမြို့သို့ ကားဖြင့် ပြန်လာရာ လမ်းတွင် PDF တပ်ဖွဲ့ဝင်တချို့က တားဆီးကာ စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
နောက်တစ်နေ့တွင် ဒေါ်စန်းစန်းရီနှင့်အတူ ပါလာသည့် အမျိုးသမီးနှင့် ကားဆရာတို့ကို ဖမ်းဆီးသွားသည့် အဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း၊ ဒေါ်စန်းစန်းရီ ပြန်လည်လွတ်မြောက်လာခြင်းမရှိသဖြင့် မိသားစုက NUG ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁) စစ်ဒေသရုံးကို ဒီဇင်ဘာ ၅ ရက်တွင် တိုင်ကြားစာ ပေးပို့ခဲ့ရာ သေဆုံးသွားပြီဟု သိရှိရကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ဒေါ်စန်းစန်းရီကို ဖမ်းသွားပြီး နောက်တစ်နေ့ (ဒီဇင်ဘာ ၂) ကတည်းက ကန့်ဘလူခရိုင် PDF တပ်ရင်း (၄) က သတ်ပစ်လိုက်သည်ဟု စုံစမ်းသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
“သတ်မှန်း (ဒေသတွင်း PDF) ကွပ်ကဲရေးမှူးတွေလည်း မသိသေးဘူး။ ဒီလောက်မြန်မြန်သတ်မယ်လို့ မထင်ထားဘူး။ (ဒီဇင်ဘာ ၅) ညပိုင်း ဆယ်နာရီလောက်မှ မြေပြင် IO (ထောက်လှမ်းရေးအရာရှိ) ကတစ်ဆင့် သတ်လိုက်ပြီဆိုတာ သိရတာ ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထို့ကြောင့် ကန့်ဘလူခရိုင် တပ်ရင်း (၄) ၏ တပ်ရင်းမှူးဖြစ်သူ ဒူဝါဖော်ရန်နော်တောင်ကို ဆက်သွယ်မေးမြန်းသည့်အခါ အခင်းဖြစ်သည့် နေ့တွင် ၎င်းမှာ ကိစ္စတစ်ခုဖြင့် အခြားတစ်နေရာသို့ ရောက်နေကြောင်း၊ ထိုကိစ္စအပေါ် တပ်ရင်းအနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း အကြောင်းပြန်သည်ဟု ၎င်းက ဆက်ပြောသည်။
ကန့်ဘလူခရိုင် PDF တပ်ရင်း (၄) အဓိကတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။
ကန့်ဘလူခရိုင် PDF ကွပ်ကဲရေးရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကမူ အမှုကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် မပြောသော်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောသည်။
“တာဝန်ယူဖြေရှင်းသွားမှာပါ။ တပ်ရဲ့သဘောသဘာဝအရ မှန်တာပဲဖြစ်ဖြစ် မှားတာပဲဖြစ်ဖြစ် စုံစမ်းတာတွေ တာဝန်ယူဖြေရှင်းတာတွေကတော့ လုပ်ထုံးလုပ်နည်းပါပဲ” ဟု ထိုသူက ဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း ထိုကိစ္စကို သိရှိပြီးဖြစ်ကာ စုံစမ်းစစ်ဆေးနေကြောင်း Myanmar Now ကို ယနေ့ (ဒီဇင်ဘာ ၈) အတည်ပြုသည်။

ဒေါ်စန်းစန်းရီသတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး NUG ထံ တိုင်ကြားစာ ပို့သဖြင့် ရွှေဘိုမြို့နေ သက်ဆိုင်ရာ မိသားစုဝင်များကိုလည်း စစ်ကောင်စီက လာရောက်စစ်ဆေးကာ ဒေါ်စန်စန်းရီ၏ မှတ်ပုံတင်များ၊ အိမ်ထောင်စုစာရင်း၊ စာရွက်စာတမ်းများကိုလည်း သိမ်းဆည်းသွားကြောင်း မြို့ခံများထံမှ သိရသည်။
ဒေါ်စန်းစန်းရီ၏ မိခင်က NUG ထံ ပို့သည့် တိုင်ကြားစာတွင် သမီးဖြစ်သူသည် စစ်ကောင်စီသတင်းပေးမဟုတ်ကြောင်း၊ စစ်ကောင်စီက တရားစွဲခံထားသည့် နိုင်ငံရေးအမှုများကို ရှေ့နေအဖြစ် ကူညီပေးနေကြောင်း၊ ဒေါ်စန်းစန်းရီနှင့် မောင်နှမ၊ ၎င်း၏ သားဖြစ်သူမှာလည်း ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ် ၅၀၅ အမှုဖြင့် ဖမ်းဆီးခံထားရကြောင်း ဖော်ပြထားသည်။
သေဆုံးသွားသည့် ဒေါ်စန်းစန်းရီမှာ စစ်ကောင်စီနှင့် ပတ်သက်သူမဟုတ်ကြောင်း အမှုအတူလိုက်ခဲ့ဖူးသည့် ရွှေဘိုမြို့မှ ရှေ့နေတစ်ဦးကလည်း ပြောသည်။
“၅၀၅ အမှုတွေ အတူလိုက်ခဲ့တဲ့ ရှေ့နေအစ်မပါ။ အရှုပ်အရှင်း ဘာမှလုပ်ခဲ့သူမဟုတ်ဘူး။ သူတို့ (PDF) ဘာလို့ အဲဒီလိုလုပ်လဲဆိုတာ စဉ်းစားမရဘူး။ သေသေချာချာ မစစ်ဆေးဘူးလား။ အခုလိုတော့ မလုပ်သင့်ဘူး။ လုံးဝမတရားဘူး” ဟု အထက်ပါ ရှေ့နေက ပြောသည်။
ဒေသတွင်း တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သည့် အထက်ပါ အမျိုးသားတစ်ဦးက PDF တို့က ပြည်သူအပေါ် မှားယွင်းသတ်ဖြတ်မှုများ ဖြစ်ခဲ့ပါက NUG က ပြင်းပြင်းထန်ထန်အရေးယူရန် လိုအပ်သလို နစ်နာသည့် မိသားစုများကိုလည်း အားပေးနှစ်သိမ့်ပေးရန် လိုသည်ဟု ဆိုသည်။
“တော်လှန်ရေးက သက်တမ်းနုသေးတော့ အမှားအယွင်းရှိမှာကို လက်ခံပေမဲ့ အမြဲတမ်းမှားရင်တော့ အဆင်မပြေဘူး။ မှားတာကို မှားတဲ့သူကို အရေးယူကိုယူရမယ်။ အရေးယူမှုအပိုင်းနဲ့ ပတ်သက်ရင် အားမရတာတော့ အမှန်ပဲ။ NUG တာဝန်ရှိသူတွေအနေနဲ့ မှားရင်မှားကြောင်း ဝန်ခံရမယ်။ မှားယွင်းသတ်ဖြတ်ခံရတဲ့ မိသားစုတွေအပေါ်မှာ အားပေးနှစ်သိမ့်မှုတွေ မလုပ်ဘူးဆိုရင် ရှေရှည်မှာတော့ မကောင်းဘူးဗျ” ဟု ထိုသူက ဆက်ပြောသည်။
ကန့်ဘလူခရိုင်သည် NUG က သတ်မှတ်ထားသည့် စစ်ဒေသသုံးခုအနက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၁) စစ်ဒေသကြီးအတွင်း ပါရှိပြီး ခရိုင်တပ်ရင်း ၄ ရင်းအထိ ရှိသည်။
အာဏာသိမ်းသည့် စစ်ကောင်စီကို ယမန်နှစ်အတွင်းမှ စတင်၍ PDF များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ (LDF) များအပါအဝင် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အချို့ ထောက်ပံ့ကူညီထားသည့် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက နိုင်ငံအနှံ့တွင် ခုခံတော်လှန်နေကြသည်။
ဗိုလ်သံမဏိ ဦးဆောင်သော ယင်းမာပင်လက်နက်ကိုင်အဖွဲ့က ဒေသခံများကို စွပ်စွဲသတ်ဖြတ်သည့် ဖြစ်စဉ်၊ စစ်ကိုင်း၊ ရွှေဘိုခရိုင် ဝက်လက်နယ်အတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော ဗိုလ်ကျားကြီးအဖွဲ့ကို NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့သည့်ကိစ္စ၊ တမူးခရိုင်တွင် စစ်ကောင်စီသတင်းပေးဟု ဆိုကာ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းမှုများ လုပ်ဆောင်နေသည်ဟု NUG က ဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)