သတင်း

ရဲစခန်း အတိုက်ခံရသော ဆင်အင်းရွာကို စစ်တပ်က ၆ ရက်ကြာ တပ်စွဲမီးရှို့

မကြာသေးခင်က တိုက်ခိုက်ခံရသည့် တိုက်နယ်အဆင့်ရဲစခန်း တည်ရှိရာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဆင်အင်းရွာကို စစ်တပ်က ၆ ရက်တပ်စွဲပြီး အိမ်ခြေ ၁၀၀၀ နီးပါး မီးရှို့လိုက်ကြောင်း ရွာခံများနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

ရဲအင်အား ၃၀ ခန့်ရှိသည့် ထိုစခန်းကို နိုဝင်ဘာ ၁၈ တွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ  ၃၀ တွင် စစ်တပ်က အိမ်ခြေ ၂၀၀၀ ကျော်ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်သော ဆင်အင်းရွာကို ဝင်ရောက်စီးနင်းကာ ၆ ရက်ကြာ တပ်စွဲပြီး မီးရှို့ခဲ့သည်ဟု နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံတစ်ဦးက ပြောသည်။

“တရစပ် တွန်းပစ်ပြီး ဝင်လာတယ်၊ ပထမဆုံး စပြီးမီးရှို့တာပဲ” ဟု အသက် ၃၀ ခန့်အရွယ် အဆိုပါ ဒေသခံက ပြောသည်။

ရွှေဘိုမြို့မှ ထွက်လာသည့် စစ်သား ၇၀ ခန့်သည့် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၅ အတွင်း ၄ ကြိမ် မီးရှို့ခဲ့ရာ ရွာရှိ နေအိမ်များထက်ဝက်ခန့် မီးလောင်ပျက်စီးသွားပြီး ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်သားများသည် စရောက်လာသည့် နိုဝင်ဘာ ၃၀ တွင် မီးရှို့သလို၊ ဒီဇင်ဘာ ၂ တွင် ရွာမြောက်ပိုင်း၊ ဒီဇင်ဘာ ၃ တွင် ရွာတောင်ပိုင်းကို ရှို့သည်၊ ဒီဇင်ဘာ ၄ တွင်လည်း ရှို့သည်ဟု အထက်ပါရွာခံက ဆိုသည်။

အထက်ပါဒေသခံက ၎င်း၏ နှစ်ထပ်တိုက်တစ်လုံးအပါအဝင် ဆွေမျိုးသားချင်းများ၏ နေအိမ်များလည်း မီးထဲပါသွားကြောင်း ဆက်ပြောသည်။

“ကျွန်တော်တို့ မိသားစုတွေ အကုန်ပါသွားတာ။ ညီအစ်ကိုမောင်နှမတွေ (အိမ်) တစ်လုံးမှ မကျန်ဘူး၊ နေစရာလည်း မရှိဘူး။ အဝတ်အစားတောင် လဲဖို့မပါဘူး” ဟု ထိုအမျိုးသားက ဆိုသည်။

အိမ်ခြေ ၂၀၀၀ ခန့်ရှိသည့် ထိုကျေးရွာမှ အနည်ဆုံး အိမ်ခြေ ၁၀၀၀ ကျော် ပြာကျသွားကြောင်း သိရသည်။

“ဒီရွာကြီးကို ဒီလောက်ကြီးထိ ရက်ရက်စက်စက်ပေါ့ဗျာ။ ပြည်သူလူထုဆို အရမ်းသနားဖို့ ကောင်းတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ စားဝတ်နေရေး အကုန်ဒုက္ခရောက်တာ။ ဘာမှ ခုခံသူ မရှိဘူးဗျာ။ သူတို့ ကြောက်လို့ ပြည်သူတွေက ကြိုပြေးထားတာကို လုပ်သွားတာ” ဟု အထက်ပါရွာခံက ဆက်ပြောသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့ (ဒီဇင်ဘာ ၅) တွင် ဆင်အင်းကျေးရွာမှ ပြန်ထွက်သွားကြောင်း ရွာခံများထံမှ သိရသည်။  

ဆင်အင်းရွာသည် ရွှေဘိုမြို့အနောက်ဘက် ၂၁ မိုင်ကျော်အကွာ ဒီပဲယင်းမြို့နယ်အစပ် မူးမြစ်အရှေ့ဘက်ကမ်းတွင် ရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ အခြေစိုက်လေ့မရှိသောရွာဖြစ်ကြောင်း သိရသည်။

စစ်သားများသည် ဆင်အင်းရွာတွင် တပ်စွဲထားစဉ် အနီးပတ်ဝန်းကျင် ရှိကျေးရွာများကိုလည်း  စီးနင်းမီးရှို့သည်၊ နိုဝင်ဘာ ၃၀ ကလည်း ဆင်အင်းကျေးရွာမှ မိုင်ဝက်ခန့်အကွာ မအူပင်ရွာကို စီးနင်း၍ သက်ကြီးရွယ်အို ၄ ဦးကို ပစ်သတ်သည်၊  ပစ်ခတ်မှုများကြောင့် အသက် ၉၀ အရွယ် အမျိုးသားတစ်ဦး ထိတ်လန့်သေဆုံးခဲ့သည်။

ရွှေဘိုနယ် မအူပင်ရွာမှ မီးရှို့ခံထားရသော နေအိမ်တစ်လုံး။ (ဓာတ်ပုံ-Myanmar Now)

ဆင်အင်းကျေးရွာ ဝင်ရောက်စီးနင်းစဉ်က ထွက်မပြေးနိုင်သည့် ဒေသခံအချို့ ဖမ်းဆီးရသလို သတ်ဖြတ်ခံရသူများလည်းရှိပြီး အဆက်အသွယ်ပြတ်နေသူ ပြည်သူ ၇ ဦး အနည်းဆုံး ရှိကြောင်း ဆင်အင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအင်္ဂါက ပြောသည်။ 

ပြန်လွတ်လာသူများ ပြောဆိုချက်အရ သတ်ဖြတ်ခံရသူအချို့ရှိကြောင်း အတည်ပြုထားနိုင်သည်ဟု သူက ဆိုသည်။

“တစ်ယောက်ဆို သေနတ်နဲ့ မပစ်သတ်ဘဲ ဒီလက်က ဖုန်းနဲ့ သတင်းပို့တယ်ဆိုပြီး လက်ကို တူနဲ့ရိုက်တယ်၊ ပြီးတော့ ရိုက်သတ်ပစ်တယ်။ အခြားတစ်ယောက်ကိုလည်း မသေမရှင် မီးထဲထည့်တယ်လို့ ပြောတယ်” ဟု ပြန်လွတ်မြောက်လာသူများကို ကိုးကားပြီး ပကဖတာဝန်ရှိသူက ပြောသည်။

စစ်သားများသည် ဆင်အင်းရွာမှ ထွက်ကာ ယမန်နေ့က ဒီပဲယင်းမြို့နယ်ဘက်သို့ ကူးသွားသော်လည်း ရဲများနှင့် ပျုစောထီးအဖွဲ့ဝင်များ ရွာအနီး ရှိနေသေးသဖြင့် ဒေသခံများ ယနေ့အထိ ရွာထဲကို ပြန်မဝင်ကြရဲကြသေးသလို အလောင်းများကိုလည်း ဝင်ရောက်ရှာဖွေခြင်း မပြုလုပ်နိုင်သေးပေ။

“ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ အိမ်တွေကို ဖျက်တာကို လက်ခံပေးလို့ရသေးတယ်။ ဘာမှမဆိုင်ဘဲနဲ့ တစ်ရွာလုံးကို မီးရှို့တာကတော့ လက်ခံလို့မရဘူးဗျ။ အများပြည်သူစုဆောင်းထားတာတွေ ယူတယ်၊ မီးရှို့တယ်။ အဖျက်သက်သက်ကိုလာတာ သူတို့က” ဟု ဆင်အင်းတိုက်နယ် ပကဖတာဝန်ရှိသူ ကိုအင်္ဂါက မှတ်ချက်ပြုသည်။

စစ်ကောင်စီကမူ ၎င်းတို့က မီးရှို့မှု ကျူးလွန်ခြင်းမရှိ၊ ပြည်သူကို အကာအကွယ်ပေးနေသည်ဟု မကြာခဏ ပြောဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button