
ယမန်နေ့ (ဒီဇင်ဘာ ၁) တနင်္သာရီတိုင်း ပုလောမြို့နယ် ထမင်းမစားရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံ့ပန်းတစ်ဦး ရခဲ့သည်ဟု Crocodile Column အမည်ရ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့က ပြောသည်။
မြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ရှိသော၊ စစ်ကောင်စီတပ်ထောက်ခံသည့် ပြည်သူ့စစ်ခေါ် ပျူစောထီးအင်အားကောင်းသော ထိုရွာကို ယမန်နေ့ မွန်းတည့်ချိန်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ အင်အား ၃၀ ခန့်က ရွာစာသင်ကျောင်း၊ စေတီများကို အကာအကွယ်ယူ၍ ပြန်လည်ပစ်ခတ်ရာ ၅ နာရီနီးပါး အပြန်လှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြဇံက ပြောသည်။
“ကျွန်တော်တို့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ စဝင်တယ်။ ရွာရဲ့ တောင်ဘက်မှာ ထိတွေ့မှုစဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေ ကင်းစောင့်နေတဲ့ နေရာပေါ့နော်။ အဲဒီမှာ အပြန်အလှန်ပစ်ခတ်ရင်း တဲထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတစ်ဦး စပြီးကျသွားတယ်” ဟု သူက ပြောသည်။
ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ဖမ်းခဲ့သည်၊ MA -1 တစ်လက် သိမ်းဆည်းနိုင်ခဲ့သည်၊ ၎င်းတို့စခန်းချသည့် နေရာ (၃) ခုကိုလည်း မီးရှို့ဖျက်ဆီးပစ်သည်ဟု Crocodile Column က သတင်းထုတ်ပြန်ထားသည်။
Crocodile Column သည် တနင်္သာရီတိုင်းအတွင်းရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယမန်နေ့တိုက်ခိုက်မှုသည် ထိုအမည်ဖြင့် ဒေသတွင်း ပထမဆုံးတိုက်ပွဲဖော်ဆောင်ခြင်းဖြစ်သည်။
“ထမင်းမစာရွာက ပုလောမှာ ပျူစောထီးအင်အားကောင်းတဲ့ရွာဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီတပ်သားတွေက ရှိတယ်။ ရွာထဲမှာ ဖိနှိပ်မှုတွေရှိတယ်။ ခြိမ်းခြောက်မှုတွေရှိတယ်။ ဒီအကြောင်းရင်းတွေကြောင့် ကျွန်တော်တို့ တိုက်ခိုက်ရတာဖြစ်ပါတယ်” ဟု ကိုမြဇံက ပြောသည်။
ရွာအတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် ထိုရွာအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် မြေပြင်စစ်ကူရောက်လာသည်၊ ရွာမြောက်ဘက် ၅ မိုင်ခန့်အကွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟုလည်း ဆိုသည်။
ထမင်းမစားရွာအတွင်း၌ ပျူစောထီးတို့သည် လက်နက်ကိုင်ဆောင်သွားလာကြကာ ရွာခံများအပေါ် ခြိမ်းခြောက်၊ ငွေတောင်းလေ့ရှိသည်ဟု စွပ်စွဲချက်များလည်း ထွက်ပေါ်နေသည်။ ပုလောမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)