အာဏာသိမ်း စစ်ခေါင်းဆောင်များသည် ၎င်းတို့သိမ်းယူခဲ့သော အာဏာ တရားဝင်မှုရှိရေးနှင့် အာဏာ ကို ရေရှည်ချုပ်ကိုင်နိုင်ရေး နည်းလမ်းများကို စနစ်တကျ ပုံစံချ ပြင်ဆင်ဆောင်ရွက်တတ်ပြီး၊ ထိုနည်းလမ်းကသာ တိုင်းပြည်၏ တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက်သဖွယ် ဖန်တီးလေ့ ရှိကြသည်။
လူထုရွေးချယ်တင်မြှောက်ထားသော အစိုးရတစ်ရပ်ကို လက်နက်အင်အားသုံး ဥပဒေမဲ့ဖြုတ်ချကာ၊ နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် သိမ်းပိုက်ခြင်းကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် လူထုထောက်ခံမှု မရရှိသလို နိုင်ငံတကာအသိအမှတ်ပြုမှုလည်း ဆုံးရှုံးနေသည်။
ထိုအခြေအနေကို အာဏာသိမ်းပြီး ၂ နှစ်ပြည့်ရန် လပိုင်းသာလိုတော့သည်အထိ ရင်ဆိုင်နေရသော မင်းအောင်လှိုင်သည် ၎င်း၏အာဏာ တရားဝင်မှုရရှိရေးနှင့် ထိုအာဏာကို ရေရှည် ထိန်းချုပ်နိုင်ရေးတို့အတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှုများရှိခဲ့၍ စစ်တပ်က ဒီမိုကရေစီစနစ်ကို ခုခံကာကွယ်နေရသည်၊ စစ်တပ်က ကယ်တင်ရှင်ဖြစ်သည့်ပုံစံမျိုး မင်းအောင်လှိုင် ပြောလေ့ရှိသည်။
၎င်း၏ဆရာသမားများဖြစ်ကြသော ဦးသန်းရွှေနှင့် ဦးနေဝင်းတို့ကဲ့သို့ “တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံး” အလို ကယ်တင်ခဲ့ရဟန် ဇာတ်ညွှန်း ဖန်တီးပုံမျိုးနှင့် မခြားလှပေ။
ထို့ကြောင့် “အာဏာသိမ်းခြင်း” မဟုတ်ဘဲ “အာဏာထိန်းခြင်း” ဖြစ်သည်၊ ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးကာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောဆိုကာ ၎င်းကိုယ်တိုင် အာဏာ မမက်မောသယောင်၊ ရေရှည်ထိန်းချုပ်ရန် ဆန္ဒမရှိသယောင် ဟန်ဆောင်ကောင်းလှသည်။
သို့သော် အာဏာသိမ်းပြီး ၂ နှစ်နီးပါးကာလအတွင်း မင်းအောင်လှိုင် ပြောစကားများကို လေ့လာလျှင် ၎င်းသည် နိုင်ငံတော်အာဏာကို ရေရှည်ထိန်းချုပ်နိုင်ရေး အဆင့် (၃) ဆင့်ဖြင့် ပြင်ဆင်ဆောင်ရွက်နေကြောင်း တဖြည်းဖြည်း ပေါ်လွင်ထင်ရှားလာသည်ကို တွေ့နိုင်သည်။
မင်းအောင်လှိုင်၏ အာဏာရေရှည်ထိန်းချုပ်ရေး အဆင့် (၃) ဆင့် စီမံကိန်းကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရသည်။
ပထမအဆင့် – ရေရှည်အာဏာရယူရေးတွင် အဓိကကျသော ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ် စားပြုစနစ် (Proportional Representation – PR) သို့ ကစားပွဲစည်းမျဥ်း ပြောင်းလဲပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က တင်မြှောက်သူသာ သမ္မတဖြစ်ရေး စီစဉ်နေခြင်း။
ဒုတိယအဆင့် – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်းရင်းသားများလိုချင်သော ဖက် ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် တံဆိပ်ပြောင်းလဲကပ် စီစဉ်နေခြင်း။
တတိယအဆင့် – အထက်ပါ အဆင့် ၂ အောင်မြင်ရေးအတွက် ရွေးကောက်ပွဲအလွန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်မည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် နိုင်ငံရေးပါတီများကို မျှော်လင့်ချက်ပေး ဆွဲဆောင်ခြင်း။
အာဏာရေရှည်ထိန်းချုပ်ရေး ပထမအဆင့်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရှေ့လုပ်ငန်းစဥ် (၅) ရပ် ဆိုပြီး သတင်းစာ မျက်နှာဖုံးများတွင် နေ့စဉ်ဖော်ပြနေသည်မှာ ပြည်သူများအတွက် မထူးဆန်းသောအကြောင်းအရာ ဖြစ်နိုင်ပါသည်။ သို့သော် ၎င်းလုပ်ငန်းစဥ်များထဲက လုပ်ငန်းစဥ် (၁) ပါ စာသားနှင့် အဓိပ္ပာယ်တို့ကို စစ်ကောင်စီ၏ လက်တွေ့လုပ်ဆောင်ချက်များနှင့် သေချာနှိုင်းယှဥ်လေ့လာသင့်သည်။
“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်း များ အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည်။”
ထိုစာသားများထဲမှ မဲစာရင်းစစ်ဆေးခြင်းအပြင် “လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို… ဆက်လက်လုပ်ဆောင်သွားမည်” ဆိုသည့် စကားရပ်၏ အဓိပ္ပာယ်က ရွေးကောက်ပွဲစနစ်ကို PR စနစ် သို့ ပြောင်းလဲရန် ရည်ညွန်းကြောင်း ယခုအခါ ပေါ်လွင်လာသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖော်မြူလာအရ စစ်တပ်က အာဏာထိန်းချုပ်နိုင်ရန် လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ စစ်တပ်ပါတီ ကြံ့ခိုင်ရေးနှင့် မဟာမိတ်ပါတီများပေါင်းပြီး နောက်ထပ် အနည်းဆုံး ၂၆ ရာခိုင်နှုန်း ရယူရန်ဖြစ်သည်။
သို့သော် “မဲများသူနိုင်” (First Past the Post – FPTP) စနစ်ကို PR စနစ်ပြောင်းမှ မင်းအောင်လှိုင် သမ္မတဖြစ်ရေး အပါအဝင် စစ်တပ်က နိုင်ငံအာဏာကို ရေရှည်ထိန်းချုပ်နိုင်မည်ဖြစ်ရာ ရွေးကောက်ပွဲ စနစ် ပြောင်းလဲရေးက စစ်တပ်၏ မဟာဗျူဟာအခင်းအကျင်း ဖြစ်လာပြီး၊ တိုင်းရင်းသားများ အတွက် ဖက်ဒရယ် အခင်းအကျင်း လုံးဝမဟုတ်ပါ။ PR စနစ်ကြောင့် နောင်လာမည့် ရွေးကောက်ပွဲတိုင်းတွင် စစ်တပ်က တင်မြှောက်သူသာ သမ္မတ ဖြစ်ခွင့်ရှိမည် ဖြစ်သည်။
FPTP စနစ်ကြောင့် တိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံးကြောင်း စစ်တပ်ဝါဒဖြန့်
၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်ပါတီ ကြံ့ခိုင်ရေး အနိုင်ရခဲ့စဥ်က ရွေးကောက်ပွဲစနစ်မှားယွင်း၍ တိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံးကြောင်း မည်သည့်စစ်ခေါင်းဆောင်ကမျှ မပြောခဲ့ပါ။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရချိန်ကစ၍ စစ်ခေါင်းဆောင်များ ထိုအချက်ကို စနစ်တကျ ဝါဒဖြန့်လာသည်။
FPTP စနစ်ကြောင့် တပါတီတည်းက ကြီးစိုးခြင်း၊ ဒီမိုကရေစီအနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီအာဏာရှင် ဆန်ခြင်းတို့ ဖြစ်ပေါ်လာသည်ဟု ဝါဒဖြန့်ခဲ့သည်။ ဒီမိုကရေစီထက် ဖက်ဒရယ်အာဏာကိုသာ လိုချင် သော တိုင်းရင်းသားပါတီတချို့ကလည်း ထိုဝါဒဖြန့်မှုကို အလွန်အကြိုက်တွေ့ခဲ့သည်။
တိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံးရခြင်းက ရွေးကောက်ပွဲစနစ်ကြောင့်ဖြစ်သည်၊ ထိုစနစ်ကို PR စနစ်ပြောင်းလျှင် တိုင်းရင်းသားများ လွှတ်တော်အတွင်း နေရာပိုမိုရရှိပြီး ၎င်းတို့၏ အခွင့်အရေးကို ရယူနိုင်မည်ဟု စစ်တပ်က မဲဆွယ်လာခဲ့သည်။
ပြီးခဲ့သော ၇ နှစ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခြင်း နှစ်ပတ်လည်နေ့တွင် မင်းအောင်လှိုင်က ရွေးကောက်ပွဲစနစ်ကို PR စနစ်သို့ ပြောင်းလဲရသည့် အကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ စစ်တပ်၏ အာဏာထိန်းချုပ်ရေး မူလရည်ရွယ်ချက်ကို ဖုံးကွယ်၍ အောက်ပါအတိုင်း ဝါဒဖြန့်ခဲ့သည်။
“မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ် ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေပါတယ်”
ရုတ်တရက်ကြည့်လျှင် အလွန်ရိုးသားသော၊ ပြစ်မျိုးမှည့်မထင် ကောင်းမွန်သော ရည်ရွယ်ချက်ပေတည်း။ အာဏာသိမ်းရခြင်းကိုပင် PR စနစ်ပြောင်းလဲပြီး လွှတ်တော်အတွင်း တိုင်းရင်းသားများ ပိုမို ကိုယ်စား ပြုနိုင်ရေးအတွက် လုပ်ဆောင်သည့်ပုံစံမျိုး လှည့်စားထားသည်။
PR စနစ်အရ ရွေးကောက်ပွဲဝင်သော တိုင်းရင်းသားပါတီတိုင်း လွှတ်တော်ထဲ အချိုးကျ ပါဝင်ခွင့်ရကြ မည် ဆိုသည့် အချက်ကိုသာ ဇောင်းပေးပြောကြားနေပြီး၊ လွှတ်တော်၏ ဥပဒေပြုအာဏာ ယန္တရားက မည်ကဲ့သို့ လည်ပတ်ပြီး၊ မည်သည့်ပါတီ အဖွဲ့အစည်းက အမှန်တကယ် ထိန်းချုပ်သွားနိုင်သည် ဆိုသည့်အချက် ကို မြှုပ်ထားသည်။
တိုင်းရင်းသားများ၏ စဥ်းစားဆင်ခြင်နိုင်စွမ်းကို အထင်သေးသည့် အပြုအမူပင်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်စေကာ လွှတ်တော်ထဲ နေရာ အနည်းငယ်ပေး၍ ကလေးမုန့်ချိုကျွေးသလို လှည့်ဖြားနှစ်သိမ့် ဆွဲဆောင်နိုင်မည်ဟု စစ်ခေါင်းဆောင် များ ထင်နေကြဟန်ရှိသည်။
ထို့ကြောင့် ၇ ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ၎င်းတို့ တောင်းဆိုနေသော ဖက်ဒရယ်အခွင့်အရေးလိုချင်လျှင် ရွေးကောက်ပွဲဝင်မှရမည်ဟု မင်းအောင်လှိုင် က အောက်ပါအတိုင်း ပြောဆိုခဲ့ခြင်းကို လေ့လာတွေ့ရှိခဲ့ရသည်။
တိုင်းရင်းသားများရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင် ဖို့က နိုင်ငံရေးစင်မြင့် ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီ ရောက်ရှိလာဖို့ လိုအပ်ပါတယ်။ယင်းသည် ၎င်းတို့စီစဥ်ထားသော ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ယှဥ်ပြိုင်ကြရန် မင်းအောင်လှိုင်၏ PR စနစ်ဖြင့် မဲဆွယ်ခြင်း ဖြစ်သည်။
မင်းအောင်လှိုင်၏ အာဏာရေရှည်ထိန်းချုပ်ရေး ဒုတိယအဆင့်
PR စနစ် တစ်ခုတည်းဖြင့် တိုင်းရင်းသားများက ၎င်းစီစဥ်ထားသော ၂၀၂၃ ရွေးကောက်ပွဲကို ပါဝင် ယှဥ်ပြိုင်ကြရန် ဆွဲဆောင်မှုသည် မလုံလောက်မှန်း မင်းအောင်လှိုင် သိရှိထားပုံရသည်။ နောက်ထပ် နိုင်ငံရေးအခင်းအကျင်းတစ်ခုဖြင့် ထပ်မံဆွဲဆောင်ပြန်သည်။
၎င်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်သည်။ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ၇ ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့ တွင် မင်းအောင်လှိုင် ရှည်ရှည်လျားလျား ပြောဆိုသွား သည်ကို အာဏာသိမ်းပြီးနောက် ပထမဆုံး တွေ့ရှိရသည်။ ၎င်း၏ အဓိက ပြောဆိုချက်များမှာ –
တိုင်းရင်းသားများရဲ့ တောင်းဆိုချက် လိုလားချက်တွေထဲက ဖြစ်နိုင်တာ ဖြစ်သင့်တာ တွေကို အကောင်အထည်ဖော်နိုင်ဖို့ အချို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေ ကို ပြင်သင့်တာ ပြင်ရပါလိမ့်မယ်။
တိုင်းရင်းသားတွေကို ကိုယ်စားပြုမှုအများဆုံးဖြစ်တဲ့ အမျိုးသားလွှတ်တော်က အဆိုပြု လိုက်တဲ့ အဆိုပြုချက်တွေ၊ ဥပဒေကြမ်းတွေဟာ ပြည်သူ့လွှတ်တော်နဲ့ သဘောထား ကွဲလွဲမှုရှိလို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရင် လူများစုဖြစ်တဲ့ ပြည်သူ့ လွှတ်တော်ဖက်ကပဲ လွှမ်းမိုးသွားတာများပါတယ်…ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံ တဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်မယ်ဆိုရင် ဒီလိုကိစ္စမျိုးမှာ တိုင်းရင်းသားတွေ အရေးကို ထည့်သွင်းစဥ်းစားရပါလိမ့်မယ်။
ဥပဒေပြုရေးမဏ္ဍိုင်အတွင်းမှာကိုပဲ ထိန်းညှိမျှတမှု (check and balance) ရှိစေရေးနဲ့ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးကို အလေးထားသောအားဖြင့် သီးခြားဥပဒေပြုခွင့် တွေကို လွှတ်တော်အလိုက်ပေးထားပြီး လုပ်ဆောင်နိုင်ရင် ပိုမိုကောင်းမွန်မယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်ကသာ ဆောင်ရွက်နိုင်ပြီး၊ ၎င်းတို့အနေဖြင့် လတ်တလော ဆောင် ရွက်ပေးနိုင်ခြင်းမရှိပါဟု ၎င်းနှင့်တွေ့ဆုံပြီး ပြည်နယ်တောင်းသော “ဝ” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို မင်းအောင်လှိုင် ပြောခဲ့ဖူးသည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် စစ်တပ်က သဘောတူမှသာ လုပ်ဆောင်နိုင်မည်ဖြစ်သဖြင့် ထိုအချက်ကိုကိုင်၍ မင်းအောင်လှိုင်က လွှတ်တော် အတွင်း “ဝ” ကို ပြည်နယ်ပေးရေး စစ်တပ်ဖက်က ထောက်ခံသွားမည်ဟု မက်လုံးပေး ဆွဲဆောင်ခဲ့ သည်။
ဤနေရာတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ၆ ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့ မင်းအောင်လှိုင်ပြောခဲ့သော အချက်ကို ၇ ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့ ပြောခဲ့သော ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပေါင်းစပ်လေ့လာရန် အရေးကြီးသည်။ လွန်ခဲ့သောနှစ်က အောက်ပါအတိုင်းပြောဆို ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
“တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရတာဝန်ကို ရယူထားချိန်ဖြစ်လို့ ငြိမ်းချမ်းရေး ဆွေး နွေးမှုများ အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုသည့် အဆင့်မှအပ ကျန်သည့်အစိတ်အပိုင်းများ ဆောင်ရွက်၍ရနိုင်ကြောင်း ပြောကြားလိုပါသည်။”
ယခုလည်း NCA နှစ်ပတ်လည်နေ့တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့၏ ဥပဒေ ပြုခွင့်အာဏာကို သီးခြားခွဲထုတ် ပြင်ဆင်သတ်မှတ်ပေးလျှင် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ် အခွင့်အရေးများ ရရှိသွားမည်၊ ထိုလွှတ်တော်များလည်း “ဖက်ဒရယ်လွှတ်တော်” များ ဖြစ် လာမည်ဟူသော စစ်တပ်၏ ဖက်ဒရယ်ပုံစံ (Federal Model) ကို ချပြလာခြင်း ဖြစ်သည်။
ထိုအချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ဆွေးနွေးနေသော ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သောအဖွဲ့က အကောင်အထည်ဖော်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေ ပြုစာရင်း ဇယား ၁ နှင့် ၂ တို့ကို ပြင်ဆင်ရန် အချက်များကို ထို ၁၀ ဖွဲ့နှင့် ဆွေးနွေးသဘောတူညီကြ ကြောင်း သတင်းကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလျက်ရှိသည်။
စစ်တပ်သည် ၂၀၀၈ ခြေ/ဥ၏ ဥပဒေပြုစာရင်းကို အပြောင်းအလဲလုပ်ခြင်းဖြင့် ဗဟိုနှင့် ပြည်နယ် အစိုးရများအကြား အာဏာခွဲဝေခြင်းကို “ဖက်ဒရယ်” ဟု ပုံဖော်လုပ်ဆောင်နေခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော SSA/SSPP က မင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ် ပင်လုံ စာချုပ်၊ ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံညီလာခံ သဘောတူညီချက်များ အကောင်အထည်ဖော်ရေးနှင့် ဗမာပြည်နယ်ဖွဲ့စည်းရေး တောင်းဆိုမှုသည် စစ်တပ်သွားနေသောလမ်းကြောင်းနှင့် လားလားမျှ မတိုင်ဆိုင်သော တောင်းဆိုချက်များသာ ဖြစ်သည်။
ထိုအခြေအနေကိုသိပါလျက် နေပြည်တော်သွားပြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံ ဓာတ်ပုံအရိုက်ခံပြီး၊ ပင်လုံစာချုပ်နှင့် ၈ ပြည်နယ် “မူ” ကို စစ်တပ်က အကောင်အထည်ဖော်ပေးနိုးနိုး တောင်းဆိုနေလျှင် ထိုအဖွဲ့အစည်းများသည် နိုင်ငံရေးဘန်းပြ၍ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်နှင့် ဆက်ဆံ ရေး တည်ဆောက်နေသော နိုင်ငံရေးလှည့်စားမှု သက်သက်သာ ဖြစ်ပေလိမ့်သည်။
မင်းအောင်လှိုင်၏ အာဏာရေရှည်ထိန်းချုပ်ရေး တတိယအဆင့်
အထက်ပါ ပထမနှင့် ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရန် ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး က အခရာကျသည်။ ထို့ကြောင့် မင်းအောင်လှိုင်ကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များကို အသည်းအသန် စည်းရုံးနေသည်ကို မြင်တွေ့နေရသည်။
သို့မှသာ သူ သမ္မတဖြစ်ရေးနှင့် စစ်တပ်က အာဏာကို ရေရှည်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) ရမည်ဟု စစ်ခေါင်းဆောင်များ တွက်ဆထားသည်။
အဆိုပါ နိုင်ငံရေးတရားဝင်မှုအတွက် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အဓိက အသုံးတော်ခံ ဇာတ်ဆောင်များ ဖြစ်သည်။ ၎င်းတို့ကို ဖိအားပေးခြင်းနှင့် အခွင့်အရေးပေး ဆွဲ ဆောင်ခြင်း နှစ်မျိုးစလုံး စစ်ကောင်စီက အသုံးပြုလျက်ရှိသည်။
စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သိန်းစိုးက နိုင်ငံရေးပါတီများကို စည်းရုံးပြီး၊ ငြိမ်းချမ်း ရေးညှိနှိုင်းရေးကော်မတီခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို စည်းရုံးလျက်ရှိသည်။
မင်းအောင်လှိုင် စီစဥ်နေသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို စစ်တပ်ပါတီ ကြံ့ခိုင်ရေးနှင့် ၎င်း၏ မဟာ မိတ် နိုင်ငံရေးပါတီများက ဝင်ပြိုင်ရန် ပြင်ဆင်နေသည်။ ထိုရွေးကောက်ပွဲ ကျင်းပနိုင်လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များက ကြီးမားပါလိမ့်မည်။
ရွေးကောက်ပွဲ၊ စစ်တပ်ဖက်ဒရယ်နှင့် စစ်ကျွန်ဇာတ်သွင်းပွဲ
၂၀၂၃ ရွေးကောက်ပွဲအလွန် ကြောက်စရာအကောင်းဆုံး အကျိုးဆက်များကို မြန်မာပြည်သူ တစ်ရပ်လုံး ကြုံတွေ့ကြရမည်။
ပထမအကျိုးဆက်မှာ ရွေးကောင်ပွဲအလွန် ကျင်းပမည့် လွှတ်တော်တွင် ပထမဆုံး ပြဌာန်းအတည်ပြု မည် ဥပဒေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်ပြီး တရားဝင်ကြောင်း၊ မင်းအောင်လှိုင်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်များ လုပ် ဆောင်ခဲ့သမျှကို ဥပဒေကြောင်းအရ အပြည့်အဝ အကာအကွယ်ပေးလိမ့်မည်။
ဒုတိယအကျိုးဆက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် ရွေးကောက်ခံ အစိုးရတစ်ရပ်ကို အင်အားသုံး အာဏာသိမ်းခွင့်ရှိကြောင်း စီရင်ထုံးတစ်ခု ဖြစ်သွားမည်။ နောင် ခေတ်ဆက်ဆက် ရွေးကောက်ခံအစိုးရများသည် စစ်တပ်နှင့်သဘောထားကွဲလွဲပါက NLD အစိုးရ ကြုံတွေ့ခဲ့ရသော ကံကြမ္မာအတိုင်း စစ်အင်အားသုံး ဖြုတ်ချခြင်း ခံရပေလိမ့်မည်။
အဆိုပါ နိုင်ငံရေးအခင်းအကျင်းသည် “စစ်ကျွန်ပြုခြင်း” ဖြစ်သည်။ ထို့ကြောင့် စစ်ကျွန်ဘဝက ရုန်း ထွက်နိုင်ရန် နွေဦးတော်လှန်ရေး ဆင်နွဲပြီး၊ Generation Z လူငယ်များက အသက်ပေါင်းများစွာ ရင်းနှီးပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲနေခြင်းကို စစ်ကောင်စီနှင့် ပူးပေါင်းနေသော နိုင်ငံရေး ပါတီတချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့က မအောင်မြင်နိုင်သော နည်းလမ်းအဖြစ် ပုံဖော်နေ ကြသည်။
အမှန်စင်စစ် မင်းအောင်လှိုင်နှင့် စစ်အာဏာရှင် ယန္တရားတစ်ခုလုံး ပြိုလဲနိုင်ရန် နိုင်ငံရေးအရ နည်းလမ်း ရှာဖွေ၍ မရနိုင်တော့သဖြင့်၊ စစ်ကျွန်ဘဝ မရောက်ရေးအတွက် ပြည်သူများက လက်နက်ကိုင်တော်လှန်ရေးကို နောက်ဆုံးနည်းလမ်းအဖြစ် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ရင်ဆိုင် တော်လှန်နေစဥ်မှာပင် မင်းအောင်လှိုင်၏ PR စနစ်၊ ခြေ/ဥကို ၎င်းတို့အကြိုက် ပြင်ဆင်ရေး၊ “စစ်တပ်ဖက်ဒရယ်” လှည့်ကွက်များ ပေါ်ပေါက်လာသည်။
မင်းအောင်လှိုင်၏ စစ်ကျွန်ပြုရေးလမ်းစဥ်တွင် ပူးပေါင်းပါဝင်နေကြသော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် သမိုင်းတွင် ပူးတွဲတရားခံဖြစ်လာပြီး ပြည်သူလူထု၏ ဒဏ်ခတ်အရေးယူမှုကို ခံကြရပေလိမ့်မည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)