အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထီးချိုင့်တွင် လူနေကျေးရွာများကို လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၇) တွင် မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ အလယ်တောရွာအနီး စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တိုက်ပွဲဖြစ်သည့် နေရာကို မန္တလေးတံတားဦးလေဆိပ်မှ တက်လာသည့် စစ်လေယာဉ်က ညနေ ၅ နာရီခန့်တွင် နာရီဝက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့ (နိုဝင်ဘာ ၂၈) နေ့လယ်တွင်လည်း အလယ်တောရွာနှင့် ကပ်လျက်ရှိ လေသာရွာကို လေတပ်က တိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပအဖထံမှ သိရသည်။

“ဂျက်ဖိုက်တာ နှစ်စီးက လာပြီးတော့ လေသာရွာကို ဗုံးကြဲသွားတယ်။ တစ်ခါကြဲရင် လေးလုံးနဲ့ တစ်စီးကို ၁၂ လုံးနဲ့ လာပစ်သွားတယ်” ဟု ထီးချိုင့်မြို့နယ်ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မြစ်ကြီးနားလေဆိပ်မှတက်လာသည့် စစ်လေယာဉ်တစ်စီးက ဗုံး ၃ ကြိမ် ကြဲပြီးနောက် ၁၅ မိနစ်ခန့်အကြာ တိုက်လေယာဉ် နောက်တစ်စီးက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သူက ဆိုသည်။ 

“လေသာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ဗုံးကျတယ်။ လတ်တလော အခြေအနေကတော့ အဲဒါပဲ သိရသေးတယ်။ အထိအခိုက်ကတော့ မရှိပါဘူး။ ဗုံးစ နည်းနည်းမှန်တာလောက်ပဲ ရှိတယ်” ဟု သူက ပြောသည်။ 

ယမန်နေ့ နံနက် တိုက်ပွဲအပြင်းအထန်ဖြစ်ရာတွင် PDF ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်၊ ယနေ့ နံနက် ၉ နာရီခန့်ကလည်း စစ်တပ်က အလယ်တောရွာနှင့် ထိုရွာအနီးရှိ အင်ကြင်းကုန်းရွာကို မီးရှို့ခဲ့ပြီး မီးလောင်ပျက်စီးသည့် အိမ်ခြေအရေအတွက် အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာသည့်အတွက် ဆူးပုတ်ချောင်၊ အင်ကြင်း ကုန်း၊ အလယ်တော၊ လေသာ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိပြီး တောတောင်ထူထပ်ရာ ဒေသဖြစ်သည့် ထီးချိုင့်မြို့နယ်သည် ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းပြီး ကသာ၊ အင်းတော်၊ ကောလင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button