သတင်း

အပစ်ရပ်သော်လည်း နိုင်ငံရေးရပ်တည်ချက် မပြောင်းဟု AA ပြော 

အာဏာသိမ်းစစ်ကောင်စီနှင့် အပစ်အခတ် ရပ်စဲလိုက်သော်လည်း နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲ မည်မဟုတ်ကြောင်း ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူက ယနေ့ (နိုဝင်ဘာ ၂၈) သတင်းစာရှင်းလင်းပွဲ တွင် ထုတ်ဖော်ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး နောက် ကုန်လမ်းနှင့် ရေလမ်းဖြတ်တောက်ခံထားရပြီး ရခိုင်လူထု အခက်အခဲဖြစ်ပေါ်နေသဖြင့် စစ်တပ်နှင့် အပစ်ရပ်စဲခြင်းဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ 

“ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူလူထုအကျိုးစီးပွားကို မဏ္ဍိုင်ပြုလို့ အဓိကထား ရှေ့ရှုပြီးတော့ မြန်မာ့တပ်မတော်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်မှုတစ်ခုကို အလွတ်သဘော လုပ် ဆောင်ခဲ့ပါတယ်” ဟု အွန်လိုင်းမှတဆင့် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။​

“ကျန်အပိုင်းတွေကတော့ ဘာမှပြောင်းလဲတာ မရှိပါ။ နိုင်ငံရေးရပ်တည်ချက်ကတော့ နဂိုအတိုင်း ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

၂၀၀၉ ခုနှစ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို တည်ထောင်ပြီးနောက် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်နိုင်ငံထူထောင်ရေးဟူ သော  ရက္ခိတလမ်းစဉ်ကို ထုတ်ဖော်ပြောဆိုပြီး လက်နက်ကိုင် ပုန်ကန်တော်လှန်မှုကို စတင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအရှေ့ဖျားပိုင်းရှိ ‘ဝ’ ပြည်နယ်ကဲ့သို့ လုပ်ပိုင်ခွင့် ပိုမိုရရှိသော ‘ကွန်ဖက်ဒရိတ်’ အဆင့်ထက်မနိမ့် သော နိုင်ငံရေးအဆင့်အတန်း ရရှိရေးသည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည်ဟုလည်း AA စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောဆိုဖူးသည်။​

ရခိုင်လူထု၏ ကံကျမ္မာကို ရခိုင်လူထုကိုယ်တိုင် ဖန်တီးနိုင်ရေး မည်သည့်အဖွဲ့အစည်းထံမှ တောင်းယူ မည်မဟုတ်ကြောင်းလည်း AA တာဝန်ရှိသူများက မကြာခဏ ကြွေးကြော်လေ့ရှိသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် စစ်တပ်အကြား ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီအထိ တိုက်ပွဲ များအပြင်းအထန် ဖြစ်ပွားပြီးနောက် နှစ်ဖက်သဘောတူညီမှုဖြင့် အာဏာသိမ်းပြီး လအတန်ကြာသည် အထိ အပစ်အခတ်ရပ်စဲခဲ့ဖူးသည်။

ယခုနှစ် အစောပိုင်းမှစ၍ စစ်ကောင်စီနှင့် စစ်ရေးအခြေအနေ တင်းမာလာကာ အပြန်အလှန်ဖမ်းဆီးမှု များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာခဲ့သည်။ 

ယခုလ ၂၄ ရက်မှစ၍ တိုက်ပွဲများရပ်နားထားမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို  ဂျပန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။​

နေပြည်တော်သို့ သွားရောက်ကာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် မကြာခဏတွ့ဆုံဖူး သည့် ဆာဆာကာဝါသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ရခိုင်ပြည်နယ် သွားရောက်ခဲ့သည့် အပြင် ရန်ကုန်မြို့၌ နိုင်ငံရေးပါတီ အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

ထို့ပြင် စစ်ကောင်စီထံ အဝင်အထွက်ရှိနေသည့် ဂျပန်ငြိမ်းချမ်းရေး ကိုယ်စားလှယ်မှာ ယခုနှစ် မတ်လ အတွင်းကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

အပစ်အခတ် ရပ်စဲထားရန် အလွတ်သဘောတူထားခြင်းသာဖြစ်ပြီး စစ်ကောင်စီဘက်က ကုန်စည် စီး ဆင်းမှု ဆက်ပိတ်ထားပါက အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

“အလွတ်သဘောတူထားတာ ဖြစ်တဲ့အတွက် တစ်ဖက်ဖက်ကနေပြီးတော့ တစ်ခုခုလုပ်လာရင် အချိန် မရွေးတိုက်ပွဲဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့မဖြစ်ဖို့ ဆိုတာကတော့ ရှေ့ဖြစ်လာမယ့် အခြေအနေတွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်” 

ပြီးခဲ့သည့် စက်တင်ဘာလမှ ယခုလ ၂၇ ရက်အထိ မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည် သူ စုစုပေါင်း ၂၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရသူ ၁၁၁ ဦး ရှိသည်ဟုလည်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် AA ဘက်က ဆိုသည်။

သို့သော် ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ AA တာဝန်ရှိသူက ထုတ်ဖော်ပြောဆို ခြင်း မရှိပေ။

“နိုင်ငံတကာအနေနဲ့ စစ်ရာဇဝတ်မှုတွေကို သတိထားစောင့်ကြည့်ဖို့လိုသလို အပြစ်ရှိတဲ့သူတွေကိုလည်း အပြစ်ပေးနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ် ” ဟု ဦးခိုင်သုခက ပြောသည်။ 

တကျော့ပြန်တိုက်ပွဲများနှင့်အတူ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများလည်း ရခိုင်ပြည်နယ်အနှံ့ဖြစ် ပေါ်နေရာ စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်လိုကြောင်း AA တာဝန်ရှိသူက ထည့်သွင်းပြောဆိုသည်။ 

လာမည့်နှစ်အတွင်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီကြွေးကြော်ထား သည့်အပေါ်တွင်မူ မှတ်ချက်မပေးလိုကြောင်း ဦးခိုင်သုခက တုံ့ပြန်သည်။​

“မြန်မာအစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ကျွန်တော်တို့ ရခိုင်တွေရဲ့ဘဝဖြစ်ပေါ် တိုးတက်မှုအတွက် တစ်စုံတစ်ရာ အထောက်အကူပြုခဲ့တာ မရှိပါဘူး။ ရွေးကောက်ပွဲဟာ ရခိုင်ပြည် တစ်ခုတည်းနဲ့ဆိုင်တာ မဟုတ်ဘူး။ မြန်မာတစ်ပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်”

“ရွေးကောက်ပွဲ ဖြစ်ခြင်းမဖြစ်ခြင်းဟာ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒတစ်ရပ်လုံးအပေါ်မှာပဲ မူ တည်မယ်လို့ ဖြေကြားလိုပါတယ်” 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button