သတင်း

ဟုမ္မလင်းတွင် သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်တပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား နိုဝင်ဘာ ၁၁ ရက်မှစတင်၍ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး သက်ကြီးရွယ်အိုတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့သည်။ 

ဟုမ္မလင်းမြို့နယ် တောင်ဘက်ရှိ ပင်ခုတ်ရွာအနီး စစ်ကောင်စီနှင့် SNA ပူးပေါင်းအဖွဲ့က အင်အား ၆၀ နီးပါးဖြင့် စစ်ကြောင်းထိုးလာစဉ် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF 124) နှင့် ယခုလ ၁၁ ရက် ညနေပိုင်းတွင် ထိတွေ့မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပင်ခုတ်ရွာဝန်းကျင်အနီးတစ်ဝိုက်မှာ ကျွန်တော်တို့ကင်းအဖွဲ့က ဂိတ်ထိုင်ထားတာလေးရှိတယ်။ တပ်စိပ် တစ်စိတ်ပေါ့။ အဲဒါကို စစ်အုပ်စုရယ်၊ ရှမ်းနီ SNA ရယ်၊ ပျူစောထီးရယ် ၃ ဖွဲ့ပေါင်းအင်အားနဲ့ စစ်ကြောင်းထိုးလာတယ်။ ကျွန်တော်တို့ကင်းအဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ခုခံလိုက်တာပေါ့။ အဲဒီနေ့က စဖြစ်တယ်” ဟု HPDF 124 တာဝန်ခံ ကိုချာလီက ပြောသည်။ 

ထိုနေ့ တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ပင်ခုတ်ရွာမှ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

“၁၁ ရက်နေ့ ပစ်ခတ်မှုမှာ ထိတာ။ ဆုံးတာက အဲ့နေ့ပဲ ဆုံးတယ်။ အခြေအနေတွေကြောင့် ကျွန်တော်တို့လည်း ပစ်နေခတ်နေတဲ့ အချိန်တွင်းဆိုတော့ ကျွန်တော်တို့ မယူနိုင်တာပေါ့။  ၁၃ ရက်နေ့မှာတော့ ကျွန်တော်တို့ ကောင်းကောင်းသင်္ဂြိုဟ်ပေးလိုက်တယ်” ဟု ကိုချာလီက ဆိုသည်။ 

ပင်ခုတ်ရွာအနီး နောင်ပိုအောင် – ဖောင်းပြင်လမ်းတစ်လျှောက်တွင် နိုဝင်ဘာ ၁၃ ရက် ညပိုင်းအထိ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများကို ကားဖြင့် လာရောက်ခေါ်ဆောင်ပြီး အင်အားများ ထပ်မံချထားသည့်အတွက် အင်အား ၁၀၀ နီးပါးအထိ ရှိလာပြီး ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှလည်း ဟုမ္မလင်းမြို့အခြေစိုက် အဖွဲ့ ၄ ခုမှ လာရောက်ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြောင်း ကိုချာလီက ပြောသည်။

တိုက်ပွဲတွင် အင်အားထက်ဝက်ကျော်မှာ SNA အဖွဲ့ဝင်များဖြစ်ပြီး လက်နက်ကြီးပစ်ကူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းစုသာ ပါဝင်ကြောင်း ကိုချာလီက မြေပြင်အခြေအနေကို ပြောသည်။

“SNA က သူတို့ ယူနီဖောင်းနဲ့ပဲ။ SNA က ကျွန်တော်တို့ ဒေသကပဲ။ ကျွန်တော်ကိုယ်တိုင်ဆိုရင်လည်း SNA က စစ်သင်တန်းဆင်းလာတယ်။ အဲဒီတော့ SNA က ဘယ်သူဆိုတာကို ကျွန်တော်တို့က ကောင်းကောင်းမှတ်မိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက နယ်မြေကျော်လာသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပူးတွဲတိုက်ခိုက်ခြင်းမဟုတ်ဘဲ သီးခြားတိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်သည်။

SNA စခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက လာရောက်တိုက်ခိုက်ပြီးနောက် အိုက်ခွဲရွာတွင် နေရာယူကာ ဂိတ်ဖွင့် ပိုက်ဆံကောက်ခြင်း၊ လူထုဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ကိစ္စရပ်များ လုပ်ဆောင်သည့်အတွက် ပြန်လည် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီကလည်းပဲ သူ့နည်းသူ့ဟန်နဲ့ သူတိုက်တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ပဲ တိုက်တာပဲ။ အဲဒါကို ပူးတွဲတိုက်တယ်ဆိုတာ လုပ်တယ်။ စစ်ကောင်စီကလည်း မခံနိုင်ဘူးလေ။ ဒီလောက်ထိ နယ်ကျွံလာရင်။ သူလည်း လက်ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့လည်း လက်မခံနိုင်ဘူး။ ကျွန်တော်တို့ဒေသထဲမှာ ကျွံလာတယ်။ လူထုဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ကိစ္စတွေ လာလုပ်ရင် တိုက်ကို တိုက်ရမယ်” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။ 

အဆိုပါ သုံးရက်တာ တိုက်ပွဲအတွင်း အဖွဲ့ဝင် ဆယ်နှင့်ချီပြီး ဒဏ်ရာရ၊ သေဆုံးမှုများရှိသည်ဟု နှစ်ဖက် အပြန်အလှန် စွပ်စွဲထားသည်။

ရှမ်းနီအမျိုးသားများတပ်မတော်ဘက်မှ ၁ ဦး သေဆုံးပြီး ၂ ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ဆိုသည်။

ရှမ်းနီအမျိုးသားများတပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ရှမ်းနီတိုင်းရင်းသားကိုယ်စားပြု လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့တို့တွင် အဓိက လှုပ်ရှားသည်။ 

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ရှမ်းနီအမျိုးသားများတပ်မတော်နှင့် စစ်ကောင်စီတပ် စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ 

ဩဂုတ် ၂၇ ရက်က ဟုမ္မလင်းမြို့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရှမ်းနီအမျိုးသားများညီလာခံ၌ စစ်ကောင်စီတပ်နှင့် ပူးပေါင်းမည်ဟု ဆိုထားပြီး SNA တပ်က လူထုသဘောထားသာဖြစ်ပြီး ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button