စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တောင်ဘက် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၂ ဦး၊ ရွာသား ထွက်ပြေးနိုင်ရန် ကူညီနေသည့် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား ၅၀ ခန့်ပါဝင်သည့် စစ်တပ်သည် နိုဝင်ဘာ ၉ မှစတင်ကာ ဘုတလင် တောင်ပိုင်းရွာများဖြစ်သည့် သက်ရှည်ကန်၊ ရွာရှည်တို့ကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
သေဆုံးသူများမှာ ရွာရှည်ရွာမှ အသက် ၅၀ ဝန်းကျင်အရွယ် ဦးရှမ်းနှင့် အသက် ၁၄ နှစ်အရွယ် မောင်အောင်မျိုးသန့်၊ ဒေသခံကာကွယ်ရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် ၃၀ ဝန်းကျင် ဗိုလ်မီးတောက်နှင့် အဖွဲ့ဝင် အသက် ၂၀ ဝန်းကျင် ကိုမျိုးသူဝင်းတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၉ တွင် သက်ရှည်ကန်ရွာ လက်နက်ကြီးကျည် ကျရောက်စဉ် ရွာအတွင်း ပိတ်မိနေသည့် ဒေသခံများကို ကယ်ထုတ်နေသော ဗိုလ်မီးတောက်နှင့် အဖွဲ့ဝင်တစ်ဦးမှာ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံခဲ့ရသည်။
“ခေါင်းဆောင်ကလည်း သူ့ရွာကဟာတွေ အကုန်ထွက်ခိုင်းတယ်။ ထွက်ခိုင်းတာကို တချို့က မထွက်တော့ ကျန်လို့ဆိုပြီးတော့ ရွာထဲ ခွဲပြီးတော့ အကုန်ထုတ်တဲ့အချိန်မှာ ထိပ်တိုက်တွေ့တာ။ တွေ့တဲ့အချိန်မှာ သေနတ်နဲ့ ပစ်လိုက်တာ။ ဆိုင်ကယ်နဲ့ ဆိုတော့ သေနတ်မှန်တော့ လဲသွားတာ” ဟု ဘုတလင်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေနတ်ဒဏ်ရာဖြင့် ဖမ်းခံရသည့် ခေါင်းဆောင်မှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဟု အဆိုပါ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
“အလောင်းသွားကြည့်တော့ အနေအထားအရတော့ လက်တွေရော အကုန်ချိုးပြီးတော့ ဓားတွေနဲ့ရော မွှန်းပြီးတော့ ကျောတွေဗိုက်တွေရော မွှန်းတာ။ အူတွေပါ ထွက်နေတာ။ ပြီးကျမှ သေနတ်နဲ့ ပစ်သတ်တာ။ ရွာထဲက ပြည်သူတွေကိုကယ်ရင်းနဲ့ မျက်နှာချင်းဆိုင် မိသွားတာ” ဟု ၎င်းက ဆက်ပြောသည်။
သူနှင့်အတူပါသွားသူလည်း အလားတူ နှိပ်စက် သတ်ဖြတ်ခံရသည်ဟု ဆိုသည်။
“ပြည်သူတွေကို ကယ်ရင်း လုံခြုံရေးပေးနေရင်း၊ ပဲစင်းငုံခင်းတွေ၊ ပြောင်းခင်းတွေဆိုတော့ သူတို့ကို မမြင်ရတော့ ထိပ်တိုက်တွေ့ပြီး သတ်သွားတာ။ ဒင်တွေနဲ့ ပါးချိတ်တွေ ဆောင့်ပြီး သတ်သွားတာ။ ညိုပုပ်နေတာပါဗျာ” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
ထိုစစ်ကြောင်းသည် သက်ရှည်ကန်ရွာတွင် တစ်ညအိပ် စခန်းချပြီးနောက်နေ့ (နိုဝင်ဘာ ၁၀) ရက်နေ့ တွင် ၄ မိုင်ခန့်အကွာရှိ ရွာရှည်ရွာကို ပစ်ခတ်စီးနင်းသည်။
ရွာရှည်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းဝင်လာစဉ် ဦးရှမ်းနှင့် မောင်အောင်မျိုးသန့် းတို့ ရွာအနီး ပဲစင်းငုံခင်းအနီးတွင် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံရခြင်းဖြစ်သည်။
ဗိုလ်မီးတောက်နှင့် ကိုမျိုးသူဝင်းတို့၏ ရုပ်အလောင်းများကို နိုဝင်ဘာ ၁၀ တွင် ကောက်ယူသင်္ဂြိုဟ်ခဲ့ပြီး၊ ဦးရှမ်းနှင့် မောင်အောင်မျိုးသန့်တို့၏ ရုပ်အလောင်းများကို နိုဝင်ဘာ ၁၁ ရက်နေ့က ကောက်ယူသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁၁ ရက်နေ့တွင် စစ်ကြောင်းထွက်ပြီဟု ယူဆပြီး ရွာတွင်း ပြန်ဝင်ရန် ကြိုးစားသည့် ဒေသခံများမှာ ညနေပိုင်းတွင် စစ်ကြောင်း တစ်ကျော့ပြန်ရောက်လာသည့်အတွက် ထပ်မံထွက်ပြေးနေရသည်။
ဘုတလင်တောင်ဘက် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့်အတွက် ရွာရှည်၊ မုဆိုးကုန်း၊ အရှေ့စည်းတော အပါအဝင် အနီးအနားမှ ကျေးရွာများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် ကပ်လျက်ရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ဘုတလင်မြို့နယ်အတွင်းမှ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ အောက်တိုဘာလအတွင်း ဒေသခံကာကွယ်ရေးစခန်းများစီးနင်းခံရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)