သတင်း

ဝက်လက် ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး အသတ်ခံရ၊ မိသားစုက ပအဖကို တိုင်ကြား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အရပ်သား ၂ ဦး ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသဖြင့် မိသားစုဝင်များက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ တိုင်ကြားထားသည်။

၅၂ နှစ်အရွယ် ဦးလှဆောင်၊ ၃၁ နှစ်အရွယ် ဦးနိုင်တို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက် ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း သက်ဆိုင်ရာ မိသားစုဝင်များက ပြောသည်။

နိုဝင်ဘာ ၃ တွင် မြို့အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာရှိ ဆားတောင်ရွာမှ စစ်ရှောင်များ နေထိုင်ရာ နှစ်နေရာသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးကို စစ်ဆေးစရာ ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေ မိသားစုဝင်များက ပြောသည်။

ယင်းနေ့က ဒေသခံ ၁၅ ဦးခန့် စစ်ရှောင်နေသည့် ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာ နေရာသို့ ညောင်ပင်ကွင်းရွာ ပကဖခေါင်းဆောင် ၁ ဦး၊ ဆားတောင်ကြီးရွာ ပကဖအဖွဲ့ဝင် ၁ ဦး နှင့်အခြား ၃ ဦး ဆိုင်ကယ်များဖြင့် ရောက်လာသည်ဟု ဦးလှဆောင်၏ ဇနီးဖြစ်သူက ပြောသည်။

“စစ်သားတွေထင်လို့ ပြေးမလို့ပဲ၊ ကိုယ့်ရွာ ပကဖ ၁ ဦး ပါတယ်ဆိုတော့ မပြေးဘဲနေတာ။ မေးစရာ ရှိလို့ ဆိုပြီး ခေါ်သွားတာ” ဟု သူက ပြောသည်။

ထို့အတူ ဆားတောင်ကြီးကျေးရွာအရှေ့ဘက်တွင် စစ်ရှောင်နေသည့်ဒေသခံ ၁၀ ဦးခန့်ထံသို့ မျက်နှာဖုံးတပ် ပကဖ ၃ ဦးရောက်ရှိလာပြီးနောက် သားဖြစ်သူ ဦးနိုင်ကို ခေါ်ဆောင်သွားကြောင်း မိခင်ဖြစ်သူက ပြောသည်။

“မပြေးနဲ့၊ ကာကွယ်ရေးအဖွဲ့တွေ၊ မကြောက်ကြနဲ့ ပြောပြီး ထိုင်ခိုင်းတာ။ ကျွန်မသားကို ခင်ဗျားက ဘယ်ရွာကလဲ၊ ဘယ်သူလဲမေးပြီး ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ” ဟု ပြောသည်။

ထိုနေ့ ညနေတွင် ထိုသူ ၂ ဦး၏ ရုပ်အလောင်းများကို ဆားတောင်ကြီးကျေးရွာနှင့် တစ်မိုင်ခွဲခန့်အကွာ မှတ်ထိရွာအနီး တွေ့ရကြောင်း တောင်ယာပြန်သည့် ဒေသခံများမှတစ်ဆင့် သိရှိခဲ့သည်ဟု မိသားစုဝင်များက ဆိုသည်။

ဒေသလုံခြုံရေးအခြေအနေအရ သွားရောက်မယူရဲကြောင်း၊ နောက်တစ်နေ့တွင် ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးတာဝန်ရှိသူများရောက်ရှိလာပြီး ကူညီရှာဖွေခဲ့သော်လည်း အလောင်းများ မတွေ့ရတော့ဘဲ သွေးကွက် နှစ်ကွက်၊ ကျည်ဆန်ခွံ နှစ်တောင့်နှင့် ဖိနပ်များကိုသာ တွေ့ရတော့ကြောင်း ပြောသည်။

“မြို့နယ်ကလူတွေက လာပြီး လာရှာပေးတယ်။ လိုက်သွားတယ်၊ အန်တီအမျိုးသားဦးထုပ်ရယ် ဖိနပ်ရယ်၊ သွေးအိုင်ထဲမှာ တွေ့ရတာ” ဟု ဦးလှဆောင်၏ဇနီးက ပြောသည်။

ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် ရဲလုပ်ငန်းကို တာဝန်ယူဆောင်ရွက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လက်အောက်မှ ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူ ဦးမြတ်လင်းက ၎င်းနှင့်အဖွဲ့ ဝင်များက ကူညီရှာဖွေပေးခဲ့သလို မိသားစုဝင်များနှင့် အလောင်းတွေ့ခဲ့သည့် မျက်မြင်တချို့ကို မေးမြန်းခဲ့သည်ဟု ပြောသည်။

မှတ်ထိရွာအနီး နိုဝင်ဘာ ၄ ရက်က တွေ့ရသည့် ကျည်ဆန်ခွံတစ်ခု။ (ဓာတ်ပုံ-ပေးပို့) 

“(ဆုံးတဲ့သူနှစ်ယောက်က) ဟိုတုန်းက ကြံ့ခိုင်ရေးထဲမှာ ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့တဲ့သူဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အားလုံးကို ပြည်သူလို့မြင်တယ်။ မှားတယ်ဖြစ်စေ မှန်တယ်ဖြစ်စေ၊ ဖြေရှင်းပေးရမှာပဲ။ နစ်နာသူတဲ့ ကာယကံရှင်က တိုင်ကြားရင် လုပ်ပေးရမဲ့တာဝန် ရှိတယ်” ဟု ဦးမြတ်လင်းက Myanmar Now  ကို ပြောသည်။

ကျန်ရစ်သည့် မိသားစုဝင်များက ကြောက်လန့်နေသဖြင့် ပြည့်သူ့လုံခြုံရေးအဖွဲ့ဝင်တချို့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့ လုံခြုံရေးယူပေးထားကြောင်း၊ စစ်ကောင်စီစစ်ကြောင်းများ ရှိနေသဖြင့် အသေးစိတ် စုံစမ်းစစ်ဆေးမှု မပြုနိုင်သေးကြောင်း၊ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးလှဆောင်ကို လာရာက်ခေါ်ဆောင်သည့် လူ ၅ ဦးတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ညောင်ပင်ကွင်းရွာ ပကဖခေါင်းဆောင်ကို Myanmar Now က နိုဝင်ဘာ ၁၀ တွင် ဆက်သွယ်မေးမြန်းရာ ထိုသူများထဲတွင် ၎င်းမပါဝင်ကြောင်း ငြင်းဆိုသည်။

“သူတို့ရွာဖြစ်စဉ်ကို မသိဘူး။ သူတို့နဲ့လည်း လူချင်း မတွေ့ဖူးဘူး။ သူတို့ကတော့ တိတိကျကျ အထောက်အထား မရှိဘဲ ထင်ချက်နဲ့ စွပ်စွဲနေတာ” ဟု ၎င်းက တုံ့ပြန်သည်။

ထိုကဲ့သို့ ကျေးရွာအဆင့်ပကဖများ ကျူးလွန်သည့်အမှုများကို မြို့နယ်အဖွဲ့အစည်းများက သေသေချာချာ တာဝန်ခံ ဖြေရှင်းပေးရန် လိုကြောင်း အဆိုပါနယ်မြေ၌ လှုပ်ရှားသည့် ဒေသခံကာကွယ်ရေးအဖွဲ့ (LDF) တစ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုသည်။

“နယ်မြေစိုးမိုးမှု မရှိခင်တုန်းက ဒလန်သူလျှိုတွေ သတ်တာ လက်ခံလို့ရသေးတယ်။ နယ်မြေစိုးမိုးပြီးမှ ဒါမျိုး သတ်ဖြတ်တာက နောက်လူတွေအတွက် စိုးရိမ်ဖို့ကောင်းတယ်။ နယ်မြေစိုးမိုးပြီးသားနေရာတွေမှာ သက်သေမခိုင်လုံဘဲ သတ်တာ မကောင်းဘူး။ နှစ်ဖက်စလုံးကို ကြောက်လာရရင် မကောင်းဘူး ” ဟု ပြောသည်။

ရွှေဘိုခရိုင်အတွင်း ပါဝင်သည့် ဝက်လက်မြို့နယ်သည် NUG ၏ PDF တပ်ရင်းအများအပြား အခြေစိုက်လှုပ်ရှားနေသောဒေသဖြစ်ကာ PDF များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်။

ဝက်လက်မြို့နယ် ပအဖအဖွဲ့တာဝန်ရှိသူတစ်ဦးက ထိုအမှုအတွက် လက်ခံစစ်ဆေးနေဆဲဖြစ်ပြီး တစ်စုံတစ်ရာ မှတ်ချက်မပေးလိုသေးကြောင်း ပြောသည်။

“လောလောဆယ် အမှုဖွင့်တာကို လက်ခံပြီး စစ်ဆေးနေပါတယ်။ စိစစ်ဆဲကာလဆိုတော့ ဘာမှ မပြောနိုင်သေးဘူး” ဟု သူက ဆိုသည်။

ဝက်လက်မြို့နယ်သည် ရွှေဘိုခရိုင် PDF တပ်ရင်းများရှိကာ ထိုသတ်ဖြတ်မှုဖြစ်သောနယ်မြေသည် ခရိုင်တပ်ရင်း ၂ အတွင်း ပါဝင်ပြီး ဩဂုတ်လအတွင်းကလည်း ထိုနယ်မြေရှိ တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၁ တွင် ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ ဗိုလ်ကျားကြီးအဖွဲ့၏ ကင်းစခန်းတစ်ခုကို PDF ရွှေဘိုခရိုင် တပ်ရင်း ၂ ၏ လက်အောက်ခံ ပကဖအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းဆီးခံခဲ့ရမှုအတွက် စုံစမ်းအရေးယူပေးရန် ထိုအဖွဲ့က တိုင်ကြားထားသည်။

PDF  တပ်ရင်းများလက်အောက်တွင် လက်နက်ကိုင်သော ပကဖ ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ရှိသည်။ တရားဥပဒေစိုးမိုးရေးအတွက် ပအဖ ခေါ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ များရှိကာ NUG ၏ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရသည်။ 

ထိုသူများ စည်းကမ်းချိုးဖောက်ပါက NUG ထံ တိုင်ကြားလေ့ရှိပြီး စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အခြေစိုက် ဗိုလ်သံမဏိအဖွဲ့က ပြီးခဲ့သည့် တစ်နှစ်အတွင်း ကျူးလွန်သည့် ချင်းတွင်းမြစ်အနောက်ဘက်ဒေသ လူသတ်မှုများအပေါ် NUG ၏ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ဝေဖန်မှု အများအပြားရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button