သတင်း

ဗိုလ်သံမဏိအဖွဲ့ လူသတ်မှုကို NUG ၏ ကိုင်တွယ်ပုံ ဝေဖန်ခံနေရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အခြေစိုက် ဗိုလ်သံမဏိအဖွဲ့က ပြီးခဲ့သည့် တစ်နှစ်အတွင်း ကျူးလွန်သည့် ချင်းတွင်းမြစ် အနောက်ဘက်ဒေသ လူသတ်မှုများအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုင်တွယ် ဖြေရှင်းမှုမှာ ရှင်းလင်း ပြတ်သားမှုမရှိဟု ဝေဖန်ခံနေရသည်။

ထိုဒေသတွင် ယခုနှစ် မတ်လအထိ အရပ်သားနှင့် PDF အဖွဲ့ဝင် ၂၁ ဦးထက်မနည်းကို NUG လက်အောက်ခံ တော်လှန်ရေးအင်အားစု ဗိုလ်သံမဏိအဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က ထုတ်ပြန်ထားသလို Myanmar Now ကလည်း စုံစမ်းရေးသားခဲ့ပြီးဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၏ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်အဖွဲ့က ယမန်နှစ် ကုန်ပိုင်းမှစ၍  ၃လနီးပါး ကြားနာစစ်ဆေးပြီးနောက် ၎င်းတို့၏ လက်အောက်ခံအဖွဲ့ လူသတ်မှု ကျူးလွန်ခဲ့သည်ဟု စက်တင်ဘာ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန် ဝန်ခံသည့် စာရင်းတွင် ၁၀ ဦးသာ ပါဝင်သည်။

၂၀၂၁ နိုဝင်ဘာတွင် ယင်းမာပင်မြို့နယ် အနောက်ဘက် ၈ မိုင်အကွာ လာဘို့ရွာတွင် အခြေစိုက်၍ စစ်ကောင်စီကို ခုခံနေသည့် Hero Tiger Force အဖွဲ့ဝင် ၆ ဦး၊ အရပ်သား ၂ ဦး၊ မီးသတ် ၂ဦးကို ဗိုလ်သံမဏိ အဖွဲ့က ပုဂ္ဂိုလ်ရေး ရန်ငြိုးဖြင့် မှားယွင်းစွပ်စွဲ သတ်ဖြတ်ခဲ့သည်ဟုသာ NUG က ဆိုထားသည်။

သေဆုံးသွားသည့် Hero Tiger Force အဖွဲ့ဝင် ၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များအဖြစ် အသိအမှတ်ပြုမည်၊ ကျန်ရစ်သူမိသားစုဝင်များကို ထောက်ပံ့ကူညီမည်ဟူ၍ ပါဝင်သော NUG ထုတ်ပြန်ချက်တွင် ပြစ်မှုကျူးလွန်သူများကို မည်သို့ အရေးယူမည်ဆိုသည်ကို ရှင်းလင်းစွာမတွေ့ရပေ။

ထို့အပြင် လူသတ်မှုကျူးလွန်သည့် ယင်းမာပင် PDF အဖွဲ့၏ ခေါင်းဆောင် ဗိုလ်သံမဏိကို မည်သို့ အရေးယူမည်ဆိုသောအချက် ထုတ်ပြန်ချက်တွင် မပါဝင်ပါ။

ဗိုလ်သံမဏိအဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် နေရာများ။

ပြစ်မှုကျူးလွန်သူများကို အကျဉ်းစစ်တရားရုံးဖြင့် ရုံးတင်စစ်ဆေးမည်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖြစ်သည့် PDF၊ ပကဖ အဖွဲ့ဝင်အဖြစ် အသိအမှတ်မပြု၊ လက်နက်ဖြုတ်သိမ်းရန် စီစဉ်မည်ဟုသာ NUG ၏ ထုတ်ပြန်ချက်က ဆိုထားသည်။

လူသတ်မှုအတွက် အဓိက တာဝန်ရှိသူများမှာ ယင်းမာပင် PDF တပ်ရင်း ၄ တာဝန်ခံ ဆရာစံနှင့် အချုပ်ခန်း အစောင့် ကိုအာပီဂျီ (ခ) ကိုအောင်ဇော်တို့ဖြစ်ကြောင်း NUGက ဆုံးဖြတ်ထားသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။

လွန်ခဲ့သည့် ၅ လဝန်းကျင်မှစ၍ ဗိုလ်သံမဏိအဖွဲ့မှခွဲထွက်ကာ ၎င်း၏ နာမည်ဖြင့် တော်လှန်ရေးအဖွဲ့ဖွဲ့၍ လှုပ်ရှားဆောင်ရွက်နေသည့် ဆရာစံက ကော်မရှင်က စစ်ဆေးမှုများ လုပ်နေချိန်အတွင်း MODဘက်က  ဆက်သွယ်မေးမြန်းလာခြင်း မရှိဟု ဆိုသည်။

“ဒီအမှုနဲ့ပတ်သက်ပြီး တစ်ဖက်သတ်၊ ဗိုလ်သံမဏိကလည်း သူ့ဆီကနေ ခွဲထွက်သွားတဲ့အခါမှာ ဒီတစ်ယောက်ကိုပဲ ဖိဖို့ဆိုပြီးတော့ ကျွန်တော်ကပဲ လူသတ်တရားခံလိုလုပ်ထားတဲ့အခြေအနေ”ဟု ၎င်းက ပြောသည်။

ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိထံ ဆက်သွယ်မေး မြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထိုဖြစ်စဉ်များ ဟိုးလေးတကျော် ဖြစ်ခါစ မတ်လအတွင်းတွင် ယင်းမာပင်တွင် ထိုသို့ လူသတ်မှုများ ဖြစ် ခဲ့သည်မှာ မှန်သည်ဟု ဦးသောပါကအဖြစ် ရဟန်းဝတ်မှ လူထွက်ထားသည့် အသက် ၄၄ နှစ်အရွယ်

ဦးထွန်းဦး ခေါ် ဗိုလ်သံမဏိက Myanmar Now ကို ပြောထားဖူးသည်။

“ဖြစ်ပျက်သွားတာတော့ ဟုတ်တယ်။ သတ်တဲ့ကိစ္စကို ဗိုလ်သံမဏိက ဟေ့ သတ်လိုက်။ သတ်တဲ့ကိစ္စကို ငါတာဝန်ယူတယ်လို့ ပြောတာမဟုတ်ဘူး” ဟု ဗိုလ်သံမဏိက ပြောသည်။

ဗိုလ်သံမဏိအဖွဲ့ သတ်ဖြတ်ခဲ့သူများ စာရင်း

MOD စုံစမ်းရေးကော်မရှင်၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခဲ့သူ နွေဦးတော်လှန်ရေးသံဃာ ကွန်ရက်မှ ဦးဆောင်ဆရာတော် ဦးဝါယမက NUG ၏ အမှုအပေါ်ကိုင်တွယ် ဖြေရှင်း ဆုံးဖြတ်ပုံမှာ ရှင်း လင်းပြတ်သားမှုမရှိဟု ဝေဖန်သည်။

“အောက်ခြေသတ်ဖြတ်မှုတွေမှာ သောပါက( ဗိုလ်သံမဏိ)ရဲ့ အောက်ခြေအဖွဲ့အစည်းတွေဖြစ်တယ်လို့ တိတိကျကျရေးရမယ့် အလုပ်လေ။ … ဒီပြဿနာကို ဗိုလ်သံမဏိလည်း ဝန်ခံပြီးပြီ။ မူလ (အရင်က) ကြေညာချက်တွေလည်း (MOD)က ထွက်ပြီးခါကျမှ ဆရာစံ လုပ်တာ လိုလို ထုတ်ပြန်တာ မလုပ်အပ်တဲ့ အလုပ်ဖြစ်တယ်”ဟု ဆရာတော်က မိန့်သည်။

လူ ၁၀ ဦးသတ်မှုနှင့် ပတ်သက်၍ ဗိုလ်သံမဏိ၊ တိုက်ကောင်း၊ မောင်ဦးနှင့် ရဲလေးတို့ကို အဓိက စွပ်စွဲခံရ သူများအဖြစ် ကနဦးတွင် NUGက သတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် အပြီးသတ် စုံစမ်းပြီးနောက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထိုသူတို့ မည်သို့ တာဝန်ရှိသည်ကို ရှင်းလင်းစွာ ဖော်ပြမထားပေ။

စစ်ဆေးမှုများ အပြီးသတ်ချိန် ၂၀၂၂ မတ်လဝန်းကျင်တွင် NUGက ကော်မရှင်သို့ ပို့သည့် စာတစ်စောင် Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည်။ အဆိုပါ ကနဦး အစီရင်ခံစာ တွင် ကော်မရှင်၏ စစ်ဆေးမှုမှာ  ဗိုလ်သံမဏိ အဖွဲ့က သတ်ဖြတ်သူ ၂၁ ဦးနှင့် အကျုံးဝင်သည်၊ ဗိုလ်သံမဏိအဖွဲ့ကို လက်နက်ဖြုတ်သိမ်းမည် စသဖြင့် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၂၀၂၁ နိုဝင်ဘာလတွင် ဗိုလ်သံမဏိအဖွဲ့ သတ်ဖြတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး၊ လာဘို့ရွာခံ အရပ်သား ၂ ဦး။ ဓာတ်ပုံ- ပေးပို့

သို့သော် ၆ လဝန်းကျင်အကြာ အပြီးသတ် အစီရင်ခံစာ ထွက်လာချိန်တွင် ဗိုလ်သံမဏိအဖွဲ့ သတ်ဖြတ်သူ ၁၀ ဦးနှင့်သာ သက်ဆိုင်ပြီး ကျူးလွန်သူမည်သူမှန်း NUGက တိတိပပ မပြော၊ အရေးမယူသည်မှာ စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်း ဦးဝါယမက မိန့်သည်။

“လုပ်စရာရှိရင် တည့်တည့်ပြော တည့်တည်လုပ်ဗျာ။ နိုင်ငံရေးမှာ မတရားတဲ့ကောင်ကတောင် တိုင်းသူ ပြည်သားကို တည့်တည့်ပြော၊ တည့်တည့် သတ်နေတဲ့အခါမှာ ကိုယ့်အထဲ(တော်လှန်ရေးအင်အားစု)က မှားယွင်းတဲ့အချက်ကို ဘာအတွက် ထပ်ထုတ်တာလဲလို့ ကာကွယ်ရေး (MOD)ကို မေးရမယ်”ဟု ဆရာတော်က မှတ်ချက်ပြုသည်။

“သူ့(ဗိုလ်သံမဏိ) အောက်ကလူတွေ လုပ်ရင် တာဝန်ခံမယ်လို့ ပြောပြီးတော့မှ ဒီလူတွေက သပ်သပ်လိုလို သောပါက (ဗိုလ်သံမဏိ) က သပ်သပ်လိုလို၊ သို့မဟုတ် သောပါကကိုပဲ တိုက်ရိုက်ထိခိုက်အောင် ရေးထားသလိုလိုနဲ့ မြွေမသေ တုတ်မကျိုးထုတ်ပြန်ချက်ကြီးပါ”ဟု ဦးဝါယမက ဆက်မိန့်သည်။

ယင်းမာပင် အခြေစိုက် ချင်းတွင်းရိုးမဟာမိတ်တပ်ပေါင်းစု ကော်မတီဝင်တစ်ဦးကလည်း ဗိုလ်သံမဏိအဖွဲ့ လက်ချက်ဖြင့် ၎င်းတို့အဖွဲ့ဝင်တစ်ဦး ယမန်နှစ်က အသက်ဆုံးခဲ့ရသည့် ဖြစ်စဉ်ကို NUG က မျက်ကွယ်ပြုထားသည်ဟု ဝေဖန်သည်။ အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါရန် တောင်းဆိုသည်။

ထို့အတူ လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ NUG ၏ ထုတ်ပြန်ချက်မှာ တရားနည်းလမ်းမကျဟု ချင်းတွင်းရိုးမဟာမိတ်တပ်ပေါင်းစု ကော်မတီဝင်က ဆက်ပြောသည်။

“ထုတ်ပြန်ချက်ထဲမှာက တကယ်ကျူးလွန်တဲ့ တရားခံတွေ ပြည့်စုံအောင်ပါမလာတာ တစ်ခုတွေ့ရတယ်။ ဆရာစံချည်းပဲ ပုံချထားတာတစ်ချက်တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ၂၀၂၁ အောက်တိုဘာလက ဗိုလ်သံမဏိအဖွဲ့ သတ်ဖြတ်ခဲ့သည့် ဇီးတောဒေသခံများ။ ဓာတ်ပုံ – ပေးပို့

NUG၏ အပြီးသတ်အစီရင်ခံစာ ထွက်ပြီးနောက်တွင်မှု အဓိက တာဝန်ရှိသူဟု စွပ်စွဲခံရသည့် ဆရာစံက ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးထံ ဆက်သွယ်ထားပြီး စစ်ဆေးမေးမြန်းမှုခံနေကြောင်း၊ လက်နက်လည်း အပ်ထားပြီးဖြစ်ကြောင်း ယနေ့(စက်တင်ဘာ ၁၄)ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း နိုင်ငံအနှံ့ စစ်ကောင်စီကို ခုခံမှု အရှိန်မြင့်နေချိန်တွင် တော်လှန်ရေး အင်အားစု အချင်ချင်းပစ်ခတ်မှုများရှိနေသည်။ ဖြစ်စဉ်အများစုမှာ ရရာလက်နက်သုံး၍ ဒေသအလိုက် အစုအဖွဲ့ အများအပြားဖြင့် စစ်ကောင်စီကို အင်အားကောင်းကောင်း တော်လှန်နေသည့် စစ်ကိုင်းတိုင်းတွင် ပေါ်ပေါက်သည်။

ယခုလဆန်းပိုင်းကပင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ဒေသအခြေစိုက် တော်လှန်ရေး အင်အားစု ဗိုလ်ကျားကြီး (Bo Tiger) အဖွဲ့၏ ကင်းစခန်းတစ်ခုကို NUG လက်အောက်ခံ PDF က ဝင်တိုက်ခဲ့သေးသည်။ အဖွဲ့ဝင် ၂ဦး သေဆုံးခဲ့ရသည့် ထိုဖြစ်စဉ်ကို အရေးယူပေးရန် ဗိုလ်ကျားကြီးအဖွဲ့က NUG ထံ တိုင်ကြားထားသည်။

အထက်ပါ ကိစ္စများနှင့်ပတ်သက်၍ MOD အတွင်းဝန် ဦးနိုင်ထူးအောင်တို့ထံ ဆက်သွယ်မေးမြန်းနေသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ၂၀၂၂ မတ်လက ဗိုလ်သံမဏိအဖွဲ့ သတ်ဖြတ်ခဲ့သည့် ချင်းပုန်းရွာခံ ညီအစ်ကို ၅ ဦး။ ဓာတ်ပုံ – ပေးပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button