အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းကင်း၊ ကုန်းမော်ရွာ လက်ကျန်အိမ် မီးရှို့သည့်တပ်က စိတ်ရောဂါသည်ကို ပစ်သတ်

စစ်ကိုင်းတိုင်းအထက်ပိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၈) တွင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို ပစ်သတ်လိုက်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

တောင်တွင်းချောင်ဒေသ ကျော်ရွာတွင် အခြေချတပ်စွဲထားသည့် စစ်တပ်နှင့်ပျူ ပူးပေါင်းအဖွဲ့က ယမန်နေ့တွင် ၎င်းတို့တပ်စွဲထားသည့်ရွာမှ တစ်မိုင်ကျော်အကွာရှိ ကုန်းမော်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးစဉ် ထိုသို့ သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ် ဦးဌေးလင်း ဖြစ်သည်ဟု ရွာခံများကို ကိုးကား၍ ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထိုရွာတွင် အိမ်ခြေ ၃၀ နီးပါးကို မီးရှို့ပြီးနောက် စစ်တပ်နှင့် ပျူစောထီး (ပြည်သူ့စစ်) ပူးပေါင်းအဖွဲ့က ယင်းနေ့မှာပင် ၂ ဖာလုံခန့်အကွာရှိ ကျောက်မော်ရွာကို စီးနင်းကာ စာသင်ကျောင်းဆောင်တစ်ခုအပါအဝင် နေအိမ် ၁၄ လုံးကို မီးရှို့ကြသည်ဟု ဒေသအခြေစိုက် တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မင်းကင်းမြို့နယ် (TDPDF-Mingin) ထံမှ သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မီးရှို့သူများက နေအိမ်အတွင်းရှိ ပစ္စည်းများ ခိုးယူကြသည်ဟု TDPDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြင့်မြတ်သူက ပြောသည်။

“ကျောက်မော်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်တယ်။ ကျောက်မော်ရွာက အိမ်ခြေ ၁၄ အိမ် မီးရှို့တယ်။ ပြီးတော့ စာသင်ကျောင်းထဲက အဆောင်တစ်ဆောင်ကိုလည်း မီးရှို့တယ်။ မူလတန်းကျောင်းထဲက အဆောင်ကိုလည်း မီးရှို့သွားတာ။ ၁၄ အိမ်ထဲက ၁၂ အိမ်ကတော့ လုံးဝကို ပြာကျသွားတာ။ အဲဒါပြီးတော့ ရွာထဲမှာ မွှေနှောက်ပြီးတော့ ရှာယူတယ်။ ငွေကြေးတွေ အတွင်းပစ္စည်းတွေလည်း ယူသွားတယ်” ဟု သူက ပြောသည်။

ထိုကဲ့သို့ ကုန်းမော်နှင့် ကျောက်မော်ရွာနှစ်ရွာကို တစ်နေ့တည်း ဆက်တိုက်စီးနင်းပြီး ပြန်ထွက်လာသည့် စစ်ကြောင်းကို မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ‌TDPDF က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

အိမ်ခြေ ၁၀၀ နီးပါးရှိသည့် ကုန်းမော်ရွာသည် ယခုနှစ် ဇွန်လလယ်အတွင်း စစ်ကောင်စီတပ်၏ စီးနင်းမှု ခံထားရပြီး ရွာအိမ်ခြေ ထက်ဝက်နီးပါးမှာ ထိုစဉ်ကတည်းက မီးရှို့ခံခဲ့ရပြီးဖြစ်၍ ယခုတစ်ကြိမ် ထပ်မံမီးရှို့ခံရမှုကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားသည်ဟု ထိုရွာခံများက ဆိုသည်။

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ ကျေးရွာ ၃၀ ကျော်အနက် မအူရွာ၊ ကြာပင်ရွာနှင့် ကျော်ရွာ တို့တွင် စစ်ကောင်စီက တစ်နှစ်နီးပါး စခန်းချ တပ်ထိုင်၍ အနီးအနားရွာများကို မကြာခဏ ဝင်ရောက် စီးနင်းနေသည်။ 

လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသည့် ကျော်ရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး အမြဲရှိနေတတ်ပြီး ရွာခံများကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဘေးနားကရွာတွေကို ဝင်တယ်။ ဆိုင်ကယ်တွေယူပြီး ရောင်းစားတယ်။ ရိက္ခာအဖြစ် ဝက်တွေ၊ နွားတွေ ဖမ်းပြီး သတ်စားတာမျိုးတွေရှိတယ်။…. ဆီ၊ ဆန်၊ ဆားတွေကို ယူတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ယူတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နွား ၅ ကောင်ဖမ်းပြီး ၄ ကောင်ကို ပြန်လွှတ်ပေမဲ့ တစ်ကောင်ကို ယူထားလိုက်တယ်” ဟု ကိုမြင့်မြတ်သူက ပြောသည်။

ထိုသို့ စစ်ကြောင်းဝင်နေသည့် ဒေသတွင် အခြေပြုလှုပ်ရှားနေသည်မှာ တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းကင်း ဖြစ်သည်။

၎င်းတို့အဖွဲ့အနေဖြင့် တိုက်ပွဲဝင် မောင်းပြန်သေနတ် တစ်လက်သာရှိပြီး လက်လုပ်တူမီး၊ ခါးချိုးများ၊ ကိုယ်တိုင်ထုတ်လုပ်သည့် လက်နက်ကြီးတချို့ကိုသာ အားပြုတိုက်ခိုက်နေရသည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိသည့် မင်းကင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းထူထပ်ကာ မြေပြန့်လွင်ပြင် နည်းပါးရာဒေသဖြစ်ပြီး ဒေသခံတို့က စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

ထိုဒေသတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းသလို ပျူစောထီးအဖွဲ့များလည်း ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles