စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က ဖမ်းမိသွားသည့် ကံဆွယ်ရွာ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုဝေဖြိုးအောင်၏ ရုပ်အလောင်းကို ယမန်နေ့ (နိုဝင်ဘာ ၃) တွင် ဒေသခံတို့ တွေ့လိုက်ရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်၊ မုံရွာမြို့မှ ထွက်လာသည့် အင်အား ၁၅၀ နီးပါးပါ ဝင်သည့် စစ်ကြောင်းက ဘုတလင်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများကို နိုဝင်ဘာ ၂ ရက်ကတည်းက စီးနင်းနေခြင်းဖြစ်ပြီး ထိုစစ်ကြောင်း ဒေသတွင်းသို့ ဝင်လာသည့်နေ့တွင် ကင်းထောက်နေသည့် ကိုဝေဖြိုးအောင်ကို စစ်တပ်က ဖမ်းမိသွားသည်။
ကံဆွယ်ရွာမှ စစ်တပ်ပြန်ထွက်သွားချိန်တွင် သူ၏ ရုပ်အလောင်းကို ရွာအနီး လျှော်ဖြူခြံတစ်ခုတွင် တွေ့ရကြောင်း သူ၏ ရဲဘော်တစ်ဦးက ပြောသည်။
“ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့။ ရှေ့ကပစ်တယ်။ နောက်ကဖောက်ထွက်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကံဆွယ်ရွာ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
ကံဆွယ်ရွာမှ ထွက်လာသည့် စစ်ကြောင်းသည် မြောက်ဘက် ကိုးမိုင်ခန့်အကွာ တရော်တော၊ ကုက္ကိုစုရွာကို ထပ်မံစီးနင်းပြီး အသက် ၅ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် ဒေသခံ ၈ ဦးကို ဓားစာခံအဖြစ် ဖမ်းထားကြောင်း၊ ၎င်းတို့ထဲမှ တချို့ကို ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်နှစ်ဦးနှင့် ပတ်သက်၍ ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
“ဘုန်းကြီးကျောင်းဘေးမှာ (စပါး) ရိတ်ချိန်၊ သိမ်းချိန်ဆိုတော့ ပြည်သူတွေရှိတယ်၊ ကလေးတွေ ရှိတယ်။ အဲဒီပြည်သူတွေကို ကျောင်းထဲမှာ ဖမ်းပြီးတော့ ဓားစာခံ လုပ်ပစ်လိုက်တယ်” ဟု ဗျတ်ဝိ၊ ဗျတ္တ ဒေသကာကွယ်ရေးအဖွဲ့၏ တာဝန်ခံက ပြောသည်။
“ကျောင်းထဲမှာကို ကင်းပုန်းချပြီးတော့ ရွာထဲမှာ အိမ်ပေါက်စေ့ဝင်တယ်။ (ကာကွယ်ရေးအဖွဲ့က) နှစ်ယောက်ကို မေးတယ်။ မသိဘူးလို့ ပြောတဲ့သူတွေကို ပက်ပက်စက်စက်ကို ရိုက်တယ်”
ကုက္ကိုစုရွာတွင် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးအနက် အများစုကို ပြန်လွှတ်ပေးသော်လည်း အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးကို ယနေ့ (နိုဝင်ဘာ ၄) နံနက် စစ်ကြောင်းပြန်ထွက်ချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
တရော်တော၊ ကုက္ကိုလ်စုရွာရှိ နေအိမ်အများစုကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဈေးဆိုင်များမှ အရက်၊ ဘီယာ အပါအဝင် အသုံးအဆောင်ပစ္စည်းများ ယူဆောင်သွားကြောင်း၊ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်ပါက နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
“သေနတ်သံတစ်ချက်ကြားရင်တောင်မှ အိမ်တစ်အိမ်မီးရှို့မယ်တဲ့။ ဓားစာခံတွေ တစ်ခုခု ဖြစ်သွားမှာ ကြောက်လို့ ကျွန်တော်တို့က တိုက်ပွဲမဖြစ်ဘူး” ဟု ဗျတ်ဝိ၊ ဗျတ္တအဖွဲ့ တာဝန်ခံက ပြောသည်။
ထိုစစ်ကောင်စီစစ်ကြောင်းကြောင့် နှောပင်ရိုး၊ ဆုံကုန်း၊ ကံဆွယ်၊ တရော်တော ကုက္ကိုလ်စုရွာအပါအဝင် အနီးအနားကျေးရွာများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် ကပ်လျက်တည်ရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးလျက်ရှိသည်။ အောက်တိုဘာလ တစ်လတည်း၌ပင် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးထက်မနည်း ဘုတလင်တွင် သတ်ဖြတ်ခံခဲ့ရသည်။
အထက်ပါ ဖြစ်စဉ်များကို သီးခြားအတည်မပြုနိုင်သေးသလို ထိုကဲ့သို့သော ဖြစ်စဉ်များနှင့် ပတ်သက်လျှင် စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းမှ ဒေသများ ထိပ်တန်းမှ ပါဝင်နေသည်။
စစ်ကောင်စီကလည်း စစ်ကိုင်းတွင် လေကြောင်းအသုံးပြု၍ပင် အပြင်းအထန်တိုက်ခိုက်နေပြီး ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သဖြင့် ကလေး ၇ ဦး အပါအဝင် ၁၃ ဦးထက်မနည်း သေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။
ထို့အပြင် ဒေသကာကွယ်ရေးအဖွဲ့တို့၏ တိုက်ခိုက်ခံရမည်ကို စိုးရွံ့သည့် စစ်ကောင်စီ မြေပြင်စစ်ကြောင်းများက ခုခံလျှင် ရွာမီးရှို့မည်ဟု ခြိမ်းခြောက်မှုများမှာ အစဉ်အလာတစ်ခုလို ဖြစ်လာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)