
(ရန်ကုန်) – ဒေသအများအပြားတွင် ဇွန်လအတွင်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၂၂ ဦး အနည်းဆုံး ရှိခဲ့ပြီး လူဦးရေ ၄၅,ဝဝဝ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းပေးထားရကြောင်း လူကယ်ပြန်ဌာန အကြီးအတန်းအရာရှိတစ်ဦးက ဇွန် ၂၁ ရက်နေ့တွင် ပြောသည်။
“စာရင်းရသလောက်တော့ ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေပါတယ်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဦးစီးဌာန အရာရှိက Myanmar Now ကို ပြောသည်။
ဇွန်လဆန်းပိုင်းက စတင်ခဲ့သည့် မိုးသည်းထန်မှုများကြောင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ မွန် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှု ဖြစ်ပွားပြီး နေအိမ် ၁၂၈ လုံးခန့် ရေထဲ မျောပါသွားခဲ့ရသည်။
ကယ်ဆယ်ရေးဦးစီးဌာန၏ စာရင်းအရ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုပေါင်း ၁၁,၈၈၃ စု ရှိခဲ့ပြီး လူဦးရေအားဖြင့် ၄၄,၈၈၃ ဦးရှိကြောင်း၊ ၎င်းတို့အတွက် ထောက်ပံ့ငွေ သိန်းတစ်ထောင် နီးပါး အသုံးပြုထားကြောင်း သိရသည်။
ရေကြီးမှုကို ဆိုးဆိုးရွားရွားခံစားခဲ့ရသော နိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် ရေဘေးကြောင့် သေဆုံးသူ ကိုးဦးအထိ ရှိခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး က ပြောသည်။
“မကွေးမှာတော့ သေဆုံးသူ ၉ ဦး ရှိတယ်။ အခြား ကြီးကြီးကျယ်ကျယ် ပျက်စီးမှုတွေတော့ မရှိပါဘူး။ ကမ်းပြိုလို့ အိမ်တွေပါသွားတာတွေနဲ့ အရေးကြီးတဲ့ဟာတွေကို ဆယ်တာတွေ၊ ထပ်မဆိုးအောင် လုပ်နေတာတွေ ရှိပါတယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။
ယခုအချိန်တွင် ရေ ပြန်လည်ကျဆင်းနေပြီး ရေဝပ်ရက် မကြာရှည်သည့်အတွက် သီးနှံများထိခိုက်မှု နည်းပါးကြောင်း၊ ရေဘေးရှောင်ရသည့်သူများလည်း နေရပ်သို့ ပြန်ကြပြီ ဖြစ်ကြောင်း၊ တင်ကျန်နေသည့် ရွံ့နွံ ရှင်းလင်းခြင်း၊ သောက်သုံးရေလိုအပ်ခြင်းတို့နှင့် ပတ်သက်ပြီး ကူညီနိုင်ရန် ဒေသဆိုင်ရာအဖွဲ့အစည်းများ စုပေါင်းဆောင်ရွက်နေကြကြောင်း တိုင်းဒေသကြီးလွှတ် တော်၏ မင်းဘူးမဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က ပြောသည်။