သတင်း

ဆက်သွယ်ရေး အော်ပရေတာအချို့၏ ဝန်ဆောင်မှုကို မကျေနပ်သည့် သုံးစွဲသူများက တိုင်ကြား

တယ်လီဖုန်းနှင့် အင်တာနက်လိုင်း ဝန်ဆောင်မှုပေးသည့် အော်ပရေတာအချို့သည် သုံးစွဲသူများထံမှ ကျသင့်ငွေထက် ပိုမိုကာ ငွေကြေး ဖြတ်တောက်နေပြီး ကြော်ငြာထားသည့်အတိုင်း လည်း ဝန်ဆောင်မှုအပြည့်အဝမပေးဟုဆိုကာ ဝန်ဆောင်မှု သုံးစွဲသူ ၃၀ ခန့်က ရန်ကုန် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနထံ တိုင်ကြားခဲ့ပြီးနောက် တိုင်ကြားသူအချို့နှင့် တိုင်ကြားခံရသူ အော်ပရေတာများ (ဇွန်လ ၂၅ ရက်) ယနေ့ တွေ့ဆုံခဲ့ကြသည်။

တိုင်ကြားသူ ငါးဦးနှင့် ဆက်သွယ်ရေးအော်ပရေတာများ၊ စားသုံးသူရေးရာဦးစီးဌာနရုံးမှ တာဝန်ရှိသူများ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် တံခါးပိတ်ကာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တိုင်ကြားခံထားရသည့် ဆက်သွယ်ရေးအော်ပရေတာ အမည်များကို ထုတ်ဖော်ပြောကြားရန် ဦးစီးဌာနက ငြင်းဆန်သည်။

လက်ရှိအချိန်မှာ တိုင်ကြားခံထားရသည့် အော်ပရေတာများသည် စားသုံးသူ အခွင့်အရေးများကို ချိုးဖောက်ခြင်း ရှိမရှိကို မစိစစ်ရသေးသဖြင့်ဟုဆိုပြီး ငြင်းဆန်ခြင်း ဖြစ်သည်။

“ဘာတွေ ဖြစ်နေလဲဆိုတော့ အကြမ်းဖျင်းနှစ်ပိုင်း တွက်ကြည့်လို့ရှိရင် တစ်ပိုင်းက သူတို့ကြော်ငြာထားတဲ့ ဝန်ဆောင်မှုကို အပြည့်အဝ မခံစားရဘူးဆိုပြီး မကျေနပ်လို့ တိုင်တာ။ အင်တာနက် လိုင်းမကောင်းလို့ပေါ့။ နောက်တစ်ချက်က Package (ပုတ်ပြတ်ဝန်ဆောင်မှု) ဝယ်လိုက်တယ်။ ဒါမှမဟုတ် အင်တာနက် သုံးလိုက်တယ်။ အဲဒီလို သုံးတာထက် ပိုက်ဆံကို ပိုပြီး ဖြတ်တောက်ခံရတယ်လို့ ထင်လို့ တိုင်တဲ့ဥစ္စာတွေ ရှိတယ်” ဟု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောသည်။

သုံးစွဲသူဘက်က တိုင်ကြားလာသည့်အခါ ပြဿနာများကို တိုက်ရိုက်ဖြေရှင်းနိုင်မည့်သူတစ်ဦး ထားရှိပေးရန် ဆက်သွယ်ရေးအော်ပရေတာများအား တောင်းဆိုခဲ့သည်ဟု ဦးဇေယျာဆွေက ပြောသည်။

“အဲဒီ အော်ပရေတာတွေဟာ ကျွန်တော်တို့ကို ဖုန်းနံပါတ်တွေ ပေးထားရင်၊ အီးမေးလ်တွေ ပေးထားရင် သုံးစွဲသူက ကျွန်တော်တို့ဆီ တိုင်ပြီဆိုတာနဲ့ အဲ့ဒီ လူဆီကို လက်ခံဖြေရှင်းပေးဖို့ လှမ်းအကြောင်းကြားမယ်။ …သူတို့ချင်း တိုက်ရိုက် ဖြေရှင်းလို့ ပြေလည် သွားရင် ကျွန်တော်တို့ ဝင်ပါစရာ မလိုဘူး။ မပြေလည်ရင်တော့ ဆက်ပြီးအရေးယူရမှာပေါ့”ဟု ဦးဇေယျာဆွေက ပြောသည်။

ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် သုံးစွဲသူများထံမှ ငွေကြေး ပိုမိုဖြတ်တောက်သည်ဟု တွေ့ရှိလျှင် အရေးယူနိုင်ရန်အတွက် ဆက်သွယ်ရေးညွှန်ကြားရေးမှူးဦးစီးဌာနရုံးသို့ တင်ပြမည်ဖြစ်ကာ စားသုံးသူအကာအကွယ်ပေးရေးဥပဒေဖြင့်လည်း အရေးယူမည်ဟု ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာနက ပြောသည်။

Show More

Related Articles

Back to top button