သတင်း

ပုလဲမြို့ကို စစ်တပ်က လေကြောင်းမှ ထပ်မံထိုးစစ်ဆင်

ယနေ့ (အောက်တို ဘာ ၂၇) နံနက်ပိုင်းတွင် စစ်ရဟတ်ယာဉ်များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အနောက်ဘက်ပိုင်းကျေးရွာများကို ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ နံနက် ၉ နာရီဝန်းကျင်မှ ၁၁ နာရီခွဲအထိ ဖလံပင်ဆည်အနီးရှိ နွယ်အင်း၊ အိုင်းမကျေးရွာများကို တိုက်ခိုက်သည့် ရဟတ်ယာဉ် ၂ စီး အနည်းဆုံး ရှိသလို သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့်လည်း စစ်သားများ လာချသွားကြောင်း ဒေသခံတို့က ပြောသည်။

“မနက်ကတည်းက အကြိမ်ကြိမ်ခါခါပစ်နေတာ။ အားလုံးပေါင်းဆိုရင် အစီးရေက မနည်းနိုင်ဘူး။ သွားလိုက်၊ ပြန်လိုက်နဲ့။ လာပစ်တာတွေရော၊ ချနေတာတွေရော ရှုပ်ယှက်ခတ်နေတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုလဲဒေသခံ အမျိုးသားတစ်ဦးက မွန်းလွဲပိုင်းတွင် ပြောသည်။ 

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၅ က ထိုနေရာမှ ၅ မိုင်ခန့်အကွာရှိ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံးစိုက်ရာ ဖလံပင်ရွာကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ကွန်မန်ဒိုတပ်ဖြင့် စီးနင်းခဲ့ကာ အရာရှိတစ်ဦး၏ ဇနီးအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၆ ဦးကို ကယ်တင်ခဲ့ရသည်ဟု စစ်ကောင်စီက သတင်းထုတ်သည်။

ပုလဲ ပအဖဘက်ကမူ စစ်တပ်အရာရှိ ဇနီး ပါဝင်သော်လည်း အများစုမှာ ခိုးမှု၊ လုယက်မှုကျူးလွန်သဖြင့် ၎င်းတို့ ဖမ်းဆီးထားသူများ၊ ပျူစောထီးများသာဖြစ်ကြောင်း တုံ့ပြန်သည်။ 

ထို့နောက် စစ်သား ၈၀ ခန့်ပါဝင်သော စစ်ကြောင်းတစ်ခုသည် ဖလံပင်ရွာနှင့် ထိုရွာအနောက်ဘက် သဲပြင်ကျယ်ရွာတို့တွင် စစ်ကြောင်းထိုးနေပြီး နေအိမ်တချို့ကို မီးရှို့ခဲ့သည်။ 

ယနေ့ နံနက် ထိုဒေသအနီးတစ်ဝိုက်တွင်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်တပ် တိုက်ပွဲဖြစ်နေသည်။ 

မြေပြင်ရှိ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးသွားလာနိုင်ရန် ရဟတ်ယာဉ်များက ယနေ့ ပစ်ကူခြင်း ဖြစ်နိုင်ကြောင်း လက်နက်ကိုင်ခုခံနေသူများက ပြောသည်။ 

“ (ဒီနေ့ပစ်တဲ့နေရာက) ဖလံပင်နဲ့ ၄၊ ၅ မိုင်လောက် ဝေးတယ်။ တောင်ပဲ ခြားတာ။ ဖလံပင်စီးတဲ့ စစ်ကြောင်း ဒီဘက်ကို ဆင်းချင်လို့ ရဟတ်ယာဉ်က ပစ်ပေးတာ။ တောင်ကြောတွေ ပတ်ရမှာ ဆိုတော့လေ။ အဲဒါကြောင့် ရဟတ်ယာဉ်က ပစ်ပေးတာ” ဟု ပုလဲမြို့နယ် အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ပုလဲ ပအဖ ခေါင်းဆောင် ကိုဇော်ထက်က ၎င်းတို့ရုံးကို ဝင်ရောက်စီးနင်းသူများ ဆုတ်ခွာနိုင်ရန် လေကြောင်းမှ တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။

 “ထိတွေ့မှုဖြစ်နေတာက ဒီနေ့ ၃ ကြိမ်ရှိပြီ။ ခုလည်း ဂျက်ဖိုက်တာ တစ်စီးထပ်တက်လာနေတယ်။ ကျွန်တော်တို့ ရုံးကို စီးတုန်းက လူ(စစ်သား) တွေကို ပြန်ခေါ်ချင်တဲ့အနေအထားရှိတယ်။ ကျွန်တော်တို့ကလည်း တိုက်ရသမျှ တိုက်နေတာ။ သူတို့က သူတို့လူတွေကို ကာပြီးတော့ ခေါ်ချင်တာ။ ဂျက်ဖိုက်တာက ပစ်ပေးတယ်။ ကျန်တဲ့လေယာဉ်တွေက လူတွေကို ပြန်ခေါ်ချင်တာပေါ့။ အခုက မြေပြင်မှာလည်း တိုက်ပွဲက ခဏခဏထပ်ဖြစ်တော့ သူတို့က သယ်မရတဲ့အတူတူ အင်အားထပ်ဖြည့်တယ်” ဟု ကိုဇော်ထက်က ဆိုသည်။  

“ပုလဲနယ်က မြေပြန့်တစ်ပိုင်းဖြစ်တယ်၊ တောင်ပိုင်းတစ်ပိုင်းဖြစ်တယ်။ ခုဖြစ်နေတာက တောင်ပေါ်မှာပေါ့။ တောင်ပေါ်မှာဆိုတော့ သူတို့က ရွာထဲနေတဲ့သူလည်းရှိတယ်၊ အပြင်မှာ ထွက်ပေါက်ပုံစံမျိုး တပ်ဖြန့်တာမျိုး ရှိတယ်။ အဲဒါကို ကျွန်တော်တို့ဘက်က ပိတ်ဆို့ပြီးတိုက်နေတာ” ဟု အထက်ပါ ပအဖခေါင်းဆောင်က ဆက်ပြောသည်။

မွန်းလွဲပိုင်းအထိ တိုက်ပွဲများ၊ လေကြောင်းမှ ပစ်ခတ်မှုများ ရှိနေသလို တော်လှန်ရေးသမား အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

ပုလဲအနောက်ခြမ်းကျေးရာများကို ဆက်သွယ်ရေးဖုန်းလိုင်းများ ခက်ခဲနေသည့်အတွက် ထိခိုက်ဒဏ်ရာရသည့် အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် အတိအကျမသိရသေးကြောင်း ဒေသခံများက ဆိုသည်။

လေကြောင်းမှ ပစ်ခတ်စီးနင်းမှုများကြောင့် ဖလံပင်၊ သဲပြင်ကျယ် အပါအဝင် အနီးအနားကျေးရွာ များမှ ဒေသခံ ရာနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။ 

မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏ ကြုံနေရသည့် စစ်ကောင်စီတပ်သည် ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ မြို့နယ်များတွင် လေကြောင်းမှ စီးနင်းပစ်ခတ်ခြင်း၊ အင်အားဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button