စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယမန်နေ့ (အောက်တို ဘာ ၂၅) က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံး အခြေစိုက်ရာ ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ စတင်ပစ်ခတ်ပြီးနောက် ရဟတ်ယာဉ်ဖြင့် ကွန်မန်ဒိုတပ်ဖွဲ့ချကာ စီးနင်းတိုက်ခိုက်ခဲ့သည်။
မြို့အနောက်ပိုင်း ဖလံပင်ဆည်အနီးရှိ ဖလံပင်ကျေးရွာကို မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောဆိုသည့်နည်းတူ ကွန်မန်ဒိုတပ်အသုံးပြုခဲ့ကြောင်း စစ်ကောင်စီကလည်း ထုတ်ပြန်သည်။
ရဟတ်ယာဉ်တစ်စီးက ပစ်ခတ်ပြီးနောက် အခြားရဟတ်ယာဉ် နှစ်စီးပေါ်မှ ဆင်းလာသည့် စစ်သားများက ရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်က ယနေ့ ပြောသည်။
“မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရုံးကို ဝိုင်းတာပေါ့။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရော၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရော၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေရော၊ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) ရဲဘော်တွေရော အားလုံးက လွတ်ရာကို ရှောင်တိမ်းနိုင်လိုက်တယ်။ မိသွားတာက အချုပ်သားအချို့ပေါ့” ဟု ၎င်းက ဆိုသည်။
ဖလံပင်ရွာ စီးနင်းမှုတွင် ယခုလဆန်းပိုင်းက ဖမ်းဆီးခံရသည့် စစ်တပ်အရာရှိတစ်ဦး၏ ဇနီးသည် အပါအဝင် အမျိုးသမီး ၇ ဦး၊ ကလေး ၄ ဦးနှင့် အမျိုးသား ၁၅ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဒေသခံ PDF က ဖမ်းဆီးထားသူများတွင် စစ်သားနှင့် ရဲများလည်း ပါဝင်ပြီး ထိုအထဲတွင် ၇ လမှ တစ်နှစ်နီးပါးကြာ ထိန်းသိမ်းခံထားရသူတချို့လည်း ပါဝင်ကြောင်းလည်း စစ်ကောင်စီက ဆိုသည်။
ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမူ ၎င်းတို့ ချုပ်နှောင်ခဲ့သူများမှာ စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ဇနီး အပါအဝင် ခိုးမှု၊ လုယက်မှုတို့နှင့် အမှုဖွင့်ခံထားရသူများ၊ အရပ်ဝတ်လက်နက်ကိုင် ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ သုံ့ပန်းများ ပါဝင်ကြောင်း တုံ့ပြန်သည်။
“ဖမ်းမိထားတဲ့ ပျူစောထီးတွေ၊ ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်လို့ ဖမ်းဆီးထားတဲ့ အချုပ်သားတွေရောပေါ့။ အဲဒါတွေကိုလည်း အတတ်နိုင်ဆုံး ကယ်ထုတ်တယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ အပိတ်ခံလိုက်ရတယ်။ အချုပ်သားအချို့က လွတ်တယ်။ အချို့က အကြမ်းဖက်စစ်ကောင်စီဘက်မှာ ပြန်မိသွားတာတွေရှိတယ်” ဟု ကိုဇော်ထက်က ပြောသည်။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိ၏ ဇနီးကို ယခုလ ၁၂ ရက် တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် အမျိုးသားဖြစ်သူကို CDM လုပ်ရန် ဆက်သွယ်ခိုင်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“ရိုက်နှက်တာမလုပ်ဘူး။ ကျွန်တော်တို့က စစ်ကောင်စီရဲ့ဒေါက်တိုင်ဖြစ်တဲ့ဟာနဲ့ ဆက်နွှယ်နေတာမို့လို့ သူရဲ့အိမ်သားကို တိုက်ရိုက်ပဲ ဖုန်းဆက်ခိုင်းတာ။ CDM လုပ်ပေးပါ၊ လုပ်ပေးရင် ထိန်းသိမ်းထားတဲ့ ဇနီးကို လွတ်ရာကျွတ်ရာနေရာ ပို့ပေးမယ်၊ သူ့အပါအဝင်ပေါ့” ဟု ကိုဇော်ထက်က ပြောသည်။
CDM လုပ်ရန် ဆက်သွယ်ညှိနှိုင်းရာတွင် စစ်တပ်အရာရှိက ဇနီးသည်ကို မုံရွာမြို့ပေါ် လာပို့ရန် တောင်းဆိုခဲ့သဖြင့် အဆင်မပြေခဲ့ကြောင်းလည်း သိရသည်။
ထိုအရာရှိ၏ ဇနီးကို ကယ်တင်နိုင်ရန် ယခုလ ၁၉ နှင့် ၂၀ ရက်နေ့များက ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာနှင့် ရွှေလှန်ရွာတစ်ဝိုက်ကို ကွန်မန်ဒိုအဖွဲ့ဖြင့် စီးနင်းခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရွှေလှန်ရွာကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းစဉ် PDF အဖွဲ့ဝင်များ အပါအဝင် ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး စစ်ကြောင်းထွက်သွားပြီး နောက်တစ်ရက်တွင် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့သည်။
ယမန်နေ့က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံး စီးနင်းခံရစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သော်လည်း ဒေသကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု မကြားရသေးကြောင်းလည်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောသည်။
“ထိတွေ့တိုက်ပွဲက ကြီးကြီးမားမား မရှိဘူး။ ဘယ်လိုမှ မရတော့ ကိုယ့်လူတွေအဖမ်းမခံရအောင် ဆုတ် လမ်းကနေ ဆုတ်ဖို့ပဲ လုပ်လိုက်ရတာပေါ့။ တချို့နေရာက ရဲဘော်တွေက သူတစ်ပြန်ကိုယ်တစ်ပြန် ပစ်ခတ်မှု နည်းနည်းပဲ လုပ်နိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
စီးနင်းခံရသည့်ရုံးမှာ အမှုအခင်းများ ခေါ်ယူစစ်ဆေးရာနေရာဖြစ်ကြောင်း၊ လက်နက်ခဲယမ်း ဆုံးရှုံးမှု မရှိကြောင်းလည်း ၎င်းက အတည်ပြုသည်။
အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် နှစ်ဖွဲ့ခွဲကာ ဖလံပင်ရွာနှင့် အနောက်ဘက်ရှိ သဲပြင်ကျယ်ရွာတွင် နေရာယူထားဆဲဖြစ်ကြောင်း၊ အိမ်ခြေ ၂၀၀ ကျော်ရှိ ဖလံပင်ရွာကို ယမန်နေ့ ညပိုင်းတွင် မီးရှို့သည်ဆိုသော်လည်း စစ်တပ်ရှိနေသည့်အတွက် အသေးစိတ် မသိရသေးကြောင်းလည်း ဒေသကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ဒေသခံ ကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် ဒေသများတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုများကြောင့် အထိနာလာသည့် စစ်တပ်က လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် စစ်အင်အား ချထားခြင်းများကို အရှိန်မြှင့်ပြုလုပ်လာသည်။
ခုခံတော်လှန်မှု ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်များ အသုံးပြုကာ အရပ်သားများပါမချန် ရက်ရက်စက်စက် တိုက်ခိုက်နေသည်။
လွန်ခဲ့သည့်နှစ်ရက်က ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၆၂ နှစ် ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲခဲ့ရာ အရပ်သားများ အပါအဝင် ၅၀ ကျော် သေဆုံးသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ခုခံရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လေကြောင်းရန် ကာကွယ်ရေးလက်နက်များ ဖြည့်တင်းပေးရန် ပုလဲမြို့နယ် အခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးက တောင်းဆိုသည်။
“လေကြောင်းကို တုံ့ပြန်ဖို့လက်နက် NUG အစိုးရက ဦးဆောင်ပြီး အမြန်ဖန်တီးပေးဖို့လိုတယ်။ မဟုတ်ရင် ရန်သူက ဒီအပိုင်းကိုပဲ အားဖြည့်ပြီး အလုပ်လုပ်နေတော့တာ” ဟု သူက ပြောသည်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရဟတ်ယာဉ်၊ လေယာဉ်တို့ကို စစ်တပ်က ပိုမိုအသုံးပြုလာနိုင်သဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိပြုရန်နှင့် ဗုံးခိုကျင်းတူးထားရန်လည်း ဒေသကာကွယ်ရေးအဖွဲ့များက ဒေသခံများကို တိုက်တွန်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)