စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူမြို့နယ်ရှိ ကျေးရွာသုံးရွာကို ပျူစောထီးအဖွဲ့နှင့် စစ်တပ်ပေါင်း၍ မီးလိုက်ရှို့နေကြောင်း၊ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လွှတ်တော်အမတ်တစ်ဦးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၂၃) မှစ၍ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ရွာသစ်ကုန်း၊ ဉာဏ်အင်းနှင့် ရွာမရွာတို့ကို အင်အား ၁၀၀ ဝန်းကျင်ရှိ ပျူနှင့် စစ်တပ် ပူးပေါင်းအဖွဲ့က မီးရှို့နေခြင်းဖြစ်သည်။
လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်၍ ရွာသစ်ကုန်ကျေးရွာမှ နေအိမ်တစ်လုံး၊ ဉာဏ်အင်းရွာမှ ၁၅ လုံးကို မီးရှို့ခဲ့ကာ ယနေ့ နံနက်ပိုင်းတွင် ရွာမရွာကို ဆက်လက်မီးရှို့နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကန့်ဘလူမြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောသည်။
“အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေကို အခုလိုမျိုး အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးပစ်နေတာက မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စ၊ အင်မတန်မှ ကြမ်းကြုတ်ရက်စက်တဲ့ကိစ္စလို့ ပြောချင်ပါတယ်။ သူတို့အနေနဲ့ စစ်ရေးပစ်မှတ်နဲ့ တိုက်ရိုက်သက်ဆိုင်တာလည်း မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ပျူစောထီးများနှင့်အတူ မီးလိုက်ရှို့နေသည့် စစ်တပ်မှာ ကန့်ဘလူမြို့ အခြေစိုက် အမှတ် (၆၀၀၆) အမြောက်တပ်ဖြစ်သည်ဟုလည်း သိရသည်။
မီးရှို့ခံရသည့် သုံးရွာအပြင် အင်းလယ်ကြီး၊ သရက်တာ၊ ထိန်တော၊ ကိုင်းရိုး၊ ရှမ်းတပ် စသည့် ကျေးရွာ များမှ ဒေသခံ ၇,၀၀၀ ဝန်းကျင်မှာ အိုးပစ်အိမ်ပစ်ထွက်ပြေး တိမ်းရှောင်နေရသဖြင့် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးအခက်အခဲများရှိနိုင်ကြောင်း လွှတ်တော်အမတ် ဦးနေဇင်လတ်က ဆိုသည်။
“အသက်ဘေးလွတ်အောင် ပြေးရတာဆိုတော့ ကျွဲတွေ၊ နွားတွေဆိုလည်း အချိန်ရရင် လွှတ်ပစ်ခဲ့ကြတာပေါ့။ တစ်ချို့ကျတော့ လှည်းနွားနဲ့ ထွက်ပြေးကြတာလည်းရှိတယ်။ ရုတ်တရက် ဒီအတိုင်း ထွက်ပြေးကြရတာဆိုတော့ သဗ္ဗေသတ္တာ ကမ္မသကာဆိုသလိုပဲ ဒီအတိုင်း လွှတ်ပစ်ခဲ့ရတာလည်း ရှိပါတယ် ”ဟု ၎င်းက ဆိုသည်။
ကန့်ဘလူမြို့နယ်အတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်က ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုး၍ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို ရိုက်နှက်ဖမ်းဆီးခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
ကန့်ဘလူမြို့မြောက်ပိုင်းရှိ ရွာများကို နှစ်ကြိမ်ထက်မနည်း စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ယခုအခါ စစ်တပ် ရောက်လာပြန်သဖြင့် တောထဲတောင်ထဲ ထွက်ပြေးနေရကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
“စစ်ကြောင်းရှိရင် ကြိုတိမ်းသင့်တာတိမ်း၊ ရှောင်သင့်ရှောင်ပေါ့။ မဝင်နိုင်လောက်တဲ့ နေရာတွေမှာ ရှောင်နေကြရတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါကျေးရွာများတွင် မြေပဲ၊ ပဲစင်းငုံ၊ နှမ်း၊ ပြောင်းနှင့် စပါး အဓိကစိုက်ပျိုးပြီး စစ်ကြောင်းဝင်လာမှုကြောင့် ရာသီဥတုနှင့် ယှဉ်၍ လုပ်ကိုင်ရသည့် စိုက်ပျိုးရေးလုပ်ငန်းများအားလုံးကို ပစ်ထားခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။
အာဏာသိမ်းကာလ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့မှုများကို လက်လှမ်းမီသမျှ စုစည်းဖော်ပြသည့် Data For Myanmar-D4M အဖွဲ့၏ စာရင်းများအရ စစ်ကိုင်းတိုင်းသည် နေအိမ်မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး ယခုနှစ် ဩဂုတ်လလယ်ပိုင်းအထိ နေအိမ် ၂၀,၁၅၃ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးတွင် နေအိမ်ပေါင်း ၂၈,၄၃၄ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းပြီးလျှင် မကွေးနှင့် ချင်းပြည်နယ်တို့မှာ အများဆုံးပျက်စီးကြောင်း အဆိုပါအဖွဲ့၏ စာရင်းများတွင် တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)