ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ PDF များက အချိန်ယူပြင်ဆင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီဖြစ်ကြောင်း Myanmar Now က ဆက်သွယ်ခဲ့သည့် အဖွဲ့အစည်းများက ပြောသည်။
ကော့ကရိတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုသားကာကွယ်ရေးအဖွဲ့ (KNDO)၊ ကော်သူးလေတပ်မတော် စသည့် ကရင်တော်လှန်ရေးအဖွဲ့များ၊ Lion Battalion Commando Special Force, နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ Eagle Brigades, Federal Wings စသည့် NUG လက်အောက်မှ PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ကြခြင်းဟု ဆိုသည်။
လတ်တလောတွင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး၏ လူမှုကွန်ရက်စာမျက်နှာများတွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်ကို တွေ့ရသည်။ ထို့အတူ Myanmar Now က ဆက်သွယ်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှ ပြောရေးဆိုခွင့်ရှိသူများကလည်း ကော့ကရိတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောဆိုကြသည်။ သို့သော် အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆိုကြသည်။
“ဒေသတွင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ ကျွန်တော်တို့ NUG လက်အောက်က တော်လှန်ရေးအဖွဲ့တွေ အချိန်ယူပြင်ဆင်ပြီး တိုက်တာပါ၊ လတ်တလောမှာတော့ မြို့ကို အဘက်ဘက်က ကျွန်တော်တို့ ပိတ်ဆို့ထားနိုင်ပါတယ်” ဟု Eagle Brigades စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့ ရဲအချုပ်ထောင်ကိုလည်း သိမ်းယူနိုင်ခဲ့ပြီး အချုပ်သားများကိုလည်း လွှတ်ပေးခဲ့သည်ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) တပ်ခွဲမှူး စောဝင်းဇော်နှင့် Eagle Brigades စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
“ထောင်သားတွေကို လွှတ်လိုက်ပြီ။ ထောင်သားတစ်ယောက် သေတယ်” ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) တပ်ခွဲမှူး စောဝင်းဇော်က ပြောသည်။ လွတ်မြောက်သွားသည့် အချုပ်သားများတွင် နိုင်ငံရေးအကျဉ်းသားအချို့၊ ဖမ်းဆီးခံထားရသည့် PDF တပ်ဖွဲ့ဝင်အချို့လည်း ပါဝင်သည်ဟုလည်း KNLA အရာရှိတစ်ဦးက အတည်ပြုသည်။
လေကြောင်းမှ တိုက်ခိုက်
တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ကော့ကရိတ်မြို့တွင်းနှင့် ကျေးရွာများဘက်သို့ လေကြောင်းမှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း KNLA တပ်မဟာတပ်ရင်းမှ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ခလရ (ခြေလျင်တပ်ရင်း) ၉၇ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားများလည်း ထိခိုက်မှုရှိနေသည်ဟု သူက ဆိုသည်။ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့ခံ အရပ်သားတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိလာပြီဟုလည်း သိရသည်။
ခလရ ၉၇ သည် ကော့ကရိတ်မြို့အဝင်တွင် တည်ရှိပြီး စစ်သည်အင်အား ၇၀ မှ ၈၀ အထိ ရှိနေနိုင်သည်ဟုလည်း ဒေသခံများက ဆိုသည်။
“စစ်ကောင်စီရဲ့ ၉၇ တပ်ရင်းဘက်ကနေ ပစ်နေတဲ့လက်နက်ကြီးတွေကြောင့် အရပ်သားထိတာတွေ များနေပါတယ်။ ရွာတွေဘက်က စာရင်းတွေက မရသေးဘူး။ ဒါပေမဲ့ ကျေးရွာတွေဘက်မှာလည်း ထိခိုက်မှုတွေအတော်ရှိနေတာ၊ အချက်အလက်ရထားတယ်” ဟု အထက်ပါ KNLA အရာရှိက ပြောသည်။
ကျေးရွာများတွင်လည်း အရပ်သားနှင့် လူနေအိမ်များ ထိခိုက်မှုများရှိနေပြီး KNLA ဘက်မှ အသေးစိတ်အချက်အလက်များ စုဆောင်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။
စစ်ကောင်စီတုံ့ပြန်မှု
ကော့ကရိတ်တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ရာတွင် ပစ်ခတ်မှုများကြောင့် နိုင်ငံ့ဝန်ထမ်းများ ပြည်သူများ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အအုံများလည်း ထိခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပစ်ခတ်တိုက်ခိုက်မှုများကို NUG, CRPH, PDF တို့က ရက်စက်မိုက်မဲစွာ အကြမ်းဖက်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အပြစ်ဖို့ထားသည်။
စစ်ရာဇဝတ်မှုကျူးလွန်သည်ဟုဆိုကာ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း အကြမ်းဖက် ချေမှုန်းရေး တုံ့ပြန်မှုများ ပြန်လည်ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
လတ်တလောအခြေအနေ
ဘားအံ-မြ၀တီကားလမ်းပေါ်ရှိ ကော့ကရိတ်မြို့ကို ပူးပေါင်းအဖွဲ့များက ဝိုင်းပိတ်ဆို့ထားကာ လုံခြုံရေး ယူထားသည်ဟု KNLA အရာရှိက ဆိုသည်။
“မြို့တစ်ခုလုံးကို သိမ်းနိုင်တာတော့ မဟုတ်ဘူး၊ ထိန်းထားနိုင်တယ်” ဟု KNLA အရာရှိက ပြောသည်။
စစ်ကောင်စီဘက်ကလည်း ကော့ကရိတ်ပတ်ဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။
“မြေပြင်က သေနတ်သံတွေတော့ နည်းနည်းငြိမ်သွားတယ်။ အဝေးက လက်နက်ကြီးနဲ့ ပစ်တာတို့၊ လေကြောင်းက ကြဲနေတာမျိုးတော့ ရှိသေးတယ်” ဟု ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ရုံး အနီး၌ နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
မြေပြင်အခြေအနေ အသေးစိတ်ကို ယခု တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့သို့ Myanmar Now က ဆက်သွယ်ရာတွင် မြို့ကို ပိတ်ဆို့ထားသည်၊ လေကြောင်းတိုက်ခိုက်မှု ရှိသေးသည်ဟု တစ်ညီတည်းဆိုကြကာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မြဝတီမြို့ လူခြေတိတ်
ကော့ကရိတ်တိုက်ပွဲကြောင့် ကပ်လျက်တည်ရှိသည့် မြဝတီမြို့တွင် လူသွားလူလာ မရှိသလောက် နည်းပါးသွားပြီး စာသင်ကျောင်းများကလည်း ကျောင်းသူကျောင်းသားများကို မွန်းလွဲပိုင်းအချိန်ကပင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ပြောသည်။
“ကျောင်းတွေ နေ့လယ်ကတည်းက ပြန်လွှတ်တာ။ ဘဏ်တွေရော၊ ရွှေဆိုင်တွေပါ ပိတ်ကုန်ပြီ။ အခြားဆိုင်အတော်များများလည်း ပိတ်ကုန်ကြပြီ။ လူအသွားအလာ အရမ်းနည်းသွားပြီ” ဟု မြဝတီမြို့ခံက ပြောသည်။
KNU တပ်မဟာ (၆) နယ်မြေဖြစ်သည့် ကော့ကရိတ်၊ မြဝတီအာရှလမ်းတွင် အောက်တိုဘာ ၁၉ ရက်မှစတင်ပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအဓိကဖြစ်သည့် အာရှလမ်းမကြီးမှာ အောက်တိုဘာ ၁၉ ရက်နေ့မှစတင်၍ ပိတ်သွားခဲ့ပြီး ယခုအချိန်ထိ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်အစီးရေ တစ်ထောင်ဝန်းကျင် ပိတ်မိနေဆဲဖြစ်သည်။
နှစ်ဆန်းပိုင်းတွင် KNU က ဖာပွန်မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ ၁၀ ရက်တွင်း ထွက်ခွာရန် သတိပေးစာထုတ်ခဲ့သည်။
သို့သော်လည်း မြို့ကို စီးနင်းတိုက်ခိုက်မှုမှာ ကော့ကရိတ်တွင်သာ ဖြစ်ပွားခဲ့သည်။
သြဂုတ် ၁၅ ရက်နေ့ကလည်း ကော့ကရိတ်မြို့ခရိုင်ရဲတပ်ဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး ရှိသည့် စုပေါင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တော်လှန်ရေးအင်အားစုများက လျှပ်တစ်ပြက် သွားရောက် ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)