သတင်း

ကော့ကရိတ် ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဘဏ်တို့ကို PDF နှင့် မဟာမိတ်များ စီးနင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ဘက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ ရှိသည့် စုပေါင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို ယနေ့ (ဩဂုတ် ၁၅) နံနက်က တော်လှန်ရေးအင်အားစုများက ဝင်ရောက်ပစ်ခတ်ခဲ့ ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးကြောင်း သိရှိရသည်။ 

စစ်ကောင်စီ၏ ထိုရုံးများကို ကရင်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုတိုက်ပွဲများတွင် ရဲမှူးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး တရားဥပဒေအရာရှိနှင့် ရုံးလုပ်သားတစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၆ လက် ရရှိခဲ့ကြောင်း KNU ကလည်း ယနေ့ ညနေ၌ ထုတ်ပြန်သည်။ 

မြို့တွင်းကို စစ်ကြောင်းနှစ်ခုခွဲ၍ လျှပ်တပြက် ဝင်တိုက်ခြင်းဖြစ်ကာ တိုက်ခိုက်ပြီးပါက အလျင်အမြန် ပြန်လည် ထွက်ခွာလာခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်များ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရန်သူဘက်က အကျအဆုံးက ၁၀ ယောက်နဲ့အထက်ရှိမယ်။ စုပေါင်းရုံးနဲ့ ဘဏ်မှာရှိတဲ့ စကစတပ်ကို ဝင်တိုက်တာ ပေါ့။ စုပေါင်းရုံးဘက်က သေနတ် ၄ လက်ရတယ်။ ဘဏ်က သေနတ်တစ်လက် ရတယ်” ဟု ၎င်းက  ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်းစစ်ဒေသ (၂) အတွင်းရှိ နဂါးဖြူစစ်ကြောင်းက တင်ထား သော ဗီဒီယိုဖိုင်အရ PDF များက ကော့ကရိတ်မြို့ပေါ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရမိသည်ကို တွေ့ရသည်။

ထိုတိုက်ပွဲတွင် KNU တပ်ဖွဲ့ဝင်များ ပါဝင်မှုရှိမရှိ  တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း Myanmar Now က ရရှိထားသည့်အချက်အလက်များအရ KNU စစ်ကြောင်းအချို့ ပါဝင်သည်ဟု သိရသည်။ 

PDF များက ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများရှိကြောင်း အခင်းဖြစ်ပွားရာရှိ ဒေသခံအချို့ကဆိုသည်။  

ပစ်ခတ်မှုဖြစ်ပြီးနောက် ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ) ၉၇ ဘက် မှ လက်နက် ကြီးများဖြင့် ကျေးရွာများဘက်ကို ပစ်ခတ်နေကြောင်း၊ အချက်ရေ ၂၀ ကျော်ခန့် ပစ်ခတ်ခဲ့ကြောင်း ကော့ကရိတ်တွင် ရှိနေသူအမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်က မြို့တွင်း၌ လမ်းများကို ပိတ်ဆို့ပြီး လုံခြုံရေးချ၍ တင်းတင်းကျပ်ကျပ် စစ်ဆေးမှု များ ရှိနေကြောင်း သိရှိရသည်။

ဒေသတွင်းမီဒီယာတစ်ခုဖြစ်သော KIO FM  က ကော့ကရိတ်မြို့ပေါ်တိုက်ပွဲ ရဲမှူးအပါအဝင် ၁၂ ဦး သေဆုံးကြောင်း၊ သေနတ်နှင့် တရားဥပဒေအရာရှိတစ်ဦး၊ ရုံးလုပ်သားတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သတင်းဖော်ပြထား သည်။ 

ထို့ပြင် စစ်တပ်က လူနေကျေးရွာများဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သားတစ်ဦး စိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ပါရှိသည်။ 

ကော့ကရိတ်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၆ နယ်မြေအတွင်းရှိပြီး စစ်ကောင်စီ တပ်နှင့် တိုက်ပွဲများဖြစ်နေသော KNU တပ်များ၊ PDF တပ်များ လှုပ်ရှားနေသော ဒေသဖြစ်သည်။

Show More

Related Articles

Back to top button