သတင်း

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင် ၄ နှစ် ထပ်တိုးခံရ

စစ်ကိုင်းတိုင်းမြို့တော် မုံရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၀) တွင် ထောင်ဒဏ် လေးနှစ် ထပ်မံ သတ်မှတ်လိုက်သည်။

မုံရွာထောင်တွင်း အထူးတရားရုံးက ယနေ့တွင် ဆူပူရန် လှုံ့ဆော်မှုဆိုင်ရာ ၅၀၅ – က ဖြင့် ၂ နှစ်၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်သည်ဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် ၂ နှစ် သတ်မှတ်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကပင် အခြားသော ၅၀၅-က အမှု ၅ ခုဖြင့် ထောင် ၁၀ နှစ်ချပြီးဖြစ်၍ ကိုဝေမိုးနိုင် ရင်ဆိုင်ရမည့် ထောင်ဒဏ်စုစုပေါင်းမှာ ၁၄ နှစ်အထိ ရှိလာသည်။

“သူကျန်းမာရေးကောင်းပါတယ်။ ထောင်ဝင်စာကတော့ ဒီနေ့ကစပြီး အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ 

သေဒဏ်ကျနိုင်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ပုဒ်မ ၁၂၂ ဖြင့်လည်း ကိုဝေမိုးနိုင် ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်သည်။

ထို့အပြင် ၂၀၂၁ မတ်လအတွင်း မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်တွင် ရဲနှစ်ဦး သတ်ခံရမှုနှင့် ပတ်သက်၍ လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ကိုဝေမိုးနိုင်အပါအဝင် ၄၂ ဦးကို စစ်ကောင်စီက စွပ်စွဲထားသည်။

စစ်တပ်သတင်းပေးဟု ကျော်ကြားသူကို စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများက ဖမ်းခဲ့ဖူးသည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ လူကို မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ဓားပြမှု ပုဒ်မ ၃၉၅ တို့ဖြင့်လည်း စစ်ကောင်စီက စွပ်စွဲထားသည်။

လူသတ်မှုနှင့် ပတ်သက်၍ ကိုဝေမိုးနိုင်၏ အမှုတွဲများက ပြည်ထောင်စုတရားလွှတ်တော်သို့ အယူခံတက်ထားရာ အောင်မြင်ခဲ့ပြီး ယမန်နေ့တွင် ပုဒ်မ ၃၀၂ အစား လူသေစေမှုဆိုင်ရာ ပုဒ်မ ၃၀၄ (က) ပြောင်းလဲသတ်မှတ်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

“(အမှုတွဲများထဲမှ) အချို့ကို လွှတ်တယ်။ အချို့ကို ပြန်ပြီးတော့ ထိန်းသိမ်းထားတယ်။ ဝေမိုးနိုင်အပါအဝင် ၆ ယောက်ကတော့ ၃၀၂ ကနေ ၃၀၄ အဖြစ်နဲ့ ပြန်ပြီး စစ်ဆေးမယ်လို့ သိရတယ်”။

အတည်မပြုနိုင်သေးသည့် အခြားအမှုများလည်း ရှိသေးသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

အသက် ၂၆ နှစ်အရွယ် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ဦးဆောင်၍ ဆိုင်ကယ်ဖြင့် လှည့်လည်နေစဉ် စစ်ကောင်စီက အိမ်စီးကားဖြင့် တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်အတွင်း စစ်တပ်၏ သတ်ဖြတ်ခံရသူ ၂၃၇၁ ဦးနှင့် ထိန်းသိမ်းခံနေရသူ ၁၂၇၀၀ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့ (အောက်တိုဘာ ၂၀) စာရင်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button