စစ်ကြောင်းမှုး ဗိုလ်မှူးအပါအဝင် စစ်သည် ၁၆ ဦးကို တော်လှန်ရေးအဖွဲ့တို့ အရှင်ဖမ်းမိပြီးနောက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အရှေ့မြောက်ဘက် တစ်ကြောတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ကူယူ၍ မြေပြင်စစ်ကြောင်း ထိုးနေသည်။
အောက်တိုဘာ ၁၅ တဂေးရွာအနီးတိုက်ပွဲအတွင်း စစ်သား ၆ ဦးသေ၊ အများအပြား သုံ့ပန်းဖြစ်သွားပြီးနောက် ရက်ပိုင်းအကြာတွင် စစ်ကောင်စီက ကျေးရွာများပါ မချန် လေကြောင်းမှ ပစ်ခတ်နေသည်ဟု နဂါးနီစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ခုတ်ခွားတောင်တွင် အခြေစိုက်သည့် စစ်ကောင်စီ တပ်စခန်းမှ အင်အား ၅၀ ကျော်ခန့်သည် အနီးရှိ ကျေးရွာများဖြစ်သည့် တဂေးနှင့် ဘီစခတ် ရွာများဘက်သို့ ဆင်းလာကြောင်း ထိုဒေသအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးတွဲလှုပ်ရှားနေသည့် နဂါးနီစစ်ကြောင်းထံမှ သိရသည်။
စစ်ကောင်စီတပ်က ပြန်လည်တိုက်စစ်ဆင်စဉ် တော်လှန်ရေးအဖွဲ့များ ဆုတ်ခွာလိုက်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“စစ်ကြောင်းဖြတ်တိုက်ခံရပြီးတော့ သူတို့တက်လာကြတာပေါ့နော်။ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူနဲ့ ဆိုတော့ ကျွန်တော်တို့ နည်းနည်းလေး နောက်ဆုတ်ပေးလိုက်တဲ့သဘောပါ” ဟု နဂါးနီစစ်ကြောင်း တာဝန်ခံက ဆိုသည်။
အောက်တိုဘာ ၁၉ မွန်းလွဲပိုင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ၅လုံးကြဲချခံရသည့် ဘီစခတ်ရွာမှ ရွာသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရသလို၊ ထိုရွာရှိ ဈေးဆိုင်ကို စစ်ကောင်စီ မြေပြင်စစ်ကြောင်းက ဝင်ရောက် လုယက်သွားသည်ဟု ထိုသူက ဆက်ပြောသည်။
“ရုတ်တရက်ကြီးဆိုတော့ ရွာသားတွေလည်း ဘယ်မှ မရွှေ့မပြောင်းနိုင်လိုက်ဘူး။ ရွာထိပ်က ဈေးဆိုင်ကို ဝင်ပြီးတော့ လုယက်သွားတယ်။ ဆိုင်ရှင်ကိုလည်း ထုနှက်သွားတယ်။ ရွှေတွေရော၊ ငွေတွေရော အကုန်ယူသွားတယ်” ဟု သူက ပြောသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ မြို့နယ်များသည် ဝါရင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်း ရှိသည်။
၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းမှုကို ပြင်းထန်စွာ ဆန့်ကျင်သည့် KNU နယ်မြေများအတွင်း စစ်ကောင်စီက အဆက်မပြတ် စစ်ဆင်နေသည်။ KNU ၏ လက်နက်ကိုင်အဖွဲ့ KNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးစစ်ကြောင်းများက စစ်ကောင်စီကို ခုခံနေသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ် အထိနာနေပြီး နှစ်ကာလရှည် တပ်စွဲထားသည့် စခန်းအချို့ကို စွန့်လွှတ်ထားရသည်။ အရာရှိ၊ စစ်သည် သေဆုံးမှု၊ လက်နက်ခဲယမ်းဆုံးရှုံးမှု ဖြစ်စဉ်များစွာရှိနေသလို ဘက်ပြောင်းခိုလှုံသူများပင် ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)