
ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ပြီးနောက် အင်းစိန်ထောင်နှင့် မန္တလေး အိုးဘိုထောင်များသို့ ထောင်ဝင်စာပေးပို့မှု ရက်အကန့်အသတ်မရှိ ပိတ်ပင်ခံလိုက်ရကြောင်း ထောင်ဝင်စာစီစဉ် ပေးပို့နေသူများက Myanmar Now ကို ပြောသည်။
အင်းစိန်ထောင်ဝန်ထမ်းများ၊ ထောင်ဝင်စာသွားရောက်ပေးပို့သူများ စုစုပေါင်း ၈ ဦး သေဆုံးခဲ့သည့် အောက်တိုဘာ ၁၉ ပေါက်ကွဲမှုအပြီး ထောင်အာဏာပိုင်တို့က နာရီပိုင်းအတွင်း နှုတ်ဖြင့် အသိပေးခဲ့ခြင်းဟု ရန်ကုန်ထောင်ဝင်စာရိက္ခာစီစဉ်နေသူတစ်ဦးက ပြောသည်။
သို့သော်လည်း ငွေသားကိုမူ ဆက်လက် ခွင့်ပြုမည်ဟု ဆိုသည်။
“အရင်တည်းက ရိက္ခာပို့တာ၊ ဆေးဝါးပို့တာက ခက်ခဲနေတာ၊ အခြောက်အခြမ်းတောင် မနည်းပို့နေရတာ။ အခု ပို့မရတော့ဘူးတဲ့။ ဒါ အင်းစိန်ပေါက်ကွဲမှုဖြစ်ပြီး နောက်ရက်ပို့ဖို့အတွက် အကျဉ်းဦးစီးကို ဆက်သွယ်တော့ ရှေ့နေတွေကနေတစ်ဆင့် သိရတာပဲ။ ရှေ့လျှောက် ပိုခက်ခဲသွားဖို့ပဲ ရှိတော့တယ်၊ အထဲကသူတွေ ပိုပြီးဒုက္ခရောက်တော့မှာ” ဟု သူက ပြောသည်။
မိသားစုက ထောက်ပံ့သည့်ငွေရှိသည့် အကျဉ်းသားမှာ ထောင်တွင် ဖွင့်ထားသည့် စျေးဘား ခေါ် စျေးဆိုင်မှ ပစ္စည်းဝယ်ယူနိုင်မည် ဖြစ်သည်။
အကျဉ်းသားများ လိုအပ်သည့် အသုံးအဆောင်၊ အစားအစာတို့ကို စျေးဘားတွင် စျေးတင်ရောင်းချလျက်ရှိသည်။
အကျဉ်းထောင်တွင်း အစားအသောက် ညံ့ဖျင်းသောကြောင့် အကျဉ်းသားများမှာ ပြင်ပက ထောက်ပံ့ ပေးပို့သည့် အစားအစာကို စောင့်မျှော်နေရသည်။ ထို့အပြင် သင့်လျော်သည့် ဆေးဝါး၊ တစ်ကိုယ်ရေသုံး ပစ္စည်းများကိုလည်း မိသားစုထံမှသာ ရရှိနိုင်သည်။
ကိုဗစ်ကပ်ဘေးကာလ အစပိုင်းကတည်းက ထောင်ဝင်စာ တွေ့မှုကို ပိတ်ပင်ထားပြီး ယခု ကူးစက်မှု လျော့ပါးလာသော်လည်း ပြန်လည်ခွင့်ပြုခြင်း မရှိသေးပေ။
အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုအပြီး မန္တလေး အိုးဘိုထောင်တွင်လည်း ထောင်ဝင်စာ ပေးပို့မှု ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်းလည်း မန္တလေးထောင်ဝင်စာစီစဉ်သူတစ်ဦးက ပြောသည်။
“မန္တလေးအကျဉ်းထောင်လည်း ဈေးဘားတော့ ဖွင့်တယ်။ ပိုက်ဆံတော့ ပေးလို့ရတယ်။ ပစ္စည်းမရတော့ဘူး” ဟု သူက ပြောသည်။
ထောင်ဝင်စာ ပေးပို့မှု ပိတ်လိုက်ကြောင်း စစ်ကောင်စီ၊ အကျဉ်းဦးစီးဘက်မှ တရားဝင် သတင်းထုတ်ပြန်လာမှု မရှိသေးပေ။
“အာလူးကြော်ကို သူတို့အရမ်းမျှော်တယ်၊ အခြားအစားအစာတွေထက် အာလူးကြော်လေးနဲ့ ထမင်းလေးတွဲစားရရင် တကယ့်နတ်သုဒ္ဓါပဲတဲ့၊ အခုအတိုင်းဆို အထဲကသူတွေ အာလူးကြော်လေးတောင် မျှော်လို့မရကြတော့ဘူး” ဟု အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝင်စာ ပုံမှန်စီစဉ်ပေးနေသူတစ်ဦးက ပြောသည်။
လာမည့်ရက်အနည်းငယ်အတွင်း အင်းစိန်တွင် ထောင်ဝင်စာသွားတွေ့ရန် ပြင်ဆင်နေသည့် ရန်ကုန်ဒေသခံတစ်ဦးက စီစဉ်ထားသည့်အတိုင်း ဆက်လက် လုပ်ကိုင်လိုသည်ဟု ဆိုသည်။
“ကိုယ့်လူက အထဲမှာရောက်နေတာဆိုတော့ ပို့တာက ဆက်ပို့ရမှာပဲ။ ခုလို ပေါက်ကွဲမှုဖြစ်သွားတော့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ဒီကိစ္စမဖြစ်ခင်တည်းက ဆေးဝါးပို့တာတွေ၊ အစားအသောက်ပို့တာတွေမှာ မလွယ်ကူဘူး” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အစားအသောက် ပို့ဆောင်သည့်နေရာတွင် ဟင်းသီးဟင်းရွက်နှင့် ချက်ထားသည့် ဟင်းများကို လက်မခံဘဲ ကြော်ထားသည့်ဟင်းများကိုသာ ပို့ခွင့်ရကြောင်း၊ ဆေးဝါး ပို့ဆောင်ရာတွင်လည်း အလွန်အမင်းကန့်သတ်ထားသည့် အခက်အခဲများရှိနေကြောင်း ထောင်ဝင်စာပို့နေရသည့် မိသားစုဝင်များက ဆိုသည်။
ထို့အပြင် လူတွေ့ထောင်ဝင်စာလည်း ကန့်သတ်ထားခြင်းကြောင့် အကျဉ်းကျသူများနှင့် မိသားစုဝင်တို့ ဆက်သွယ်နိုင်မည့် နည်းလမ်းမှာ ထောင်ဝင်စာ သွားပို့စဉ် ထောင်ဝန်ထမ်းများမှတစ်ဆင့် စာပေးစာယူ လုပ်သည့်နည်းကိုသာ အသုံးပြုကြရသည်။ ယခု ထောင်ဝင်စာ ထပ်မံကန့်သတ်လိုက်ခြင်းကြောင့် အကျဉ်းကျခံများနှင့် မိသားစုဝင်တို့ အဆက်သွယ်ပြတ်မည့် အခက်အခဲလည်း ရှိနေသည်။
“ကျွန်မရဲ့အစ်မက အကျဆောင်ရောက်သွားပြီးကတည်းက အခုထိ အိမ်ကို စာတစ်စောင်မှ ရောက်လာတော့ဘူး။ အရင် အကျဆောင်မရောက်ခင် ပုံမှန်စာပို့နေကျ။ ခုထိတစ်စောင်မှ မထွက်လာသေးတော့ အိမ်က စိတ်ပူနေတယ်” ဟု အင်းစိန်အကျဉ်းထောင်တွင် အမှုရင်ဆိုင်နေရသည့် အစ်မဖြစ်သူကို ထောင်ဝင်စာသွားတွေ့မည့် မိသားစုဝင်တစ်ဦးက ပြောသည်။
အင်းစိန်ထောင် ပေါက်ကွဲမှုနှင့် နောက်ဆက်တွဲပစ်ခတ်မှုကြောင့် ဗကသ ကျောင်းသား ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းစ်၏ မိခင်ဖြစ်သူနှင့် သက်သေခံထွက်ဆိုပေးမည့်သူတစ်ဦးအပါအဝင် အရပ်သား ၅ ဦးနှင့် အကျဉ်းဦးစီးဝန်ထမ်း သုံးဦးသေဆုံးခဲ့သည်။
ထောင်ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများ၊ ထောင်တွင်းကျွေးမွေးသည့် အစားသောက်များ ဆိုးရွားမှု၊ အာဟာရမပြည့်ဝမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ သောက်ရေ၊ သုံးရေများ မသန့်ရှင်းခြင်း စသည့်နာမည်ဆိုးဖြင့် ကျော်ကြားသော အကျဉ်းထောင်များသို့ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် အကျဉ်းသားများ ပိုမို ခက်ခဲလာနိုင်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က လက်လှမ်းမီသလောက် ကောက်ယူထားသော ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ စာရင်းအရ စစ်ကောင်စီတပ်က ဖမ်းဆီး အကျဉ်းချထားသူ ၁၂,၇၀၀ ထက်မနည်း ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)