ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် နယ်စပ်မြို့ဖြစ်သော မြဝတီမြို့ပေါ်တွင် ကားဗုံးပေါက်မှုများသည် လက်သည်မဲ့ ပေါက်ကွဲမှုများ ဖြစ်လာနေသည်။
အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းတွင် မြဝတီ- မဲဆောက် အမှတ် (၁) တံတားဘေးရှိ လမ်းကြားတွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင်လည်း ကားတစ်စီးပေါ်တွင် ထောင်ထားသည့်ဗုံး တွေ့ရှိခဲ့သည်။
အောက်တိုဘာ ၁၅ ပေါက်ကွဲမှုကြောင့် လူ ၃ ဦး ထိခိုက်ပြီး အမှတ်(၁) တံတား အနည်းငယ် ပျက်စီးကာ နေအိမ် ၄ လုံးနှင့် ကားအချို့လည်း ပျက်စီးခဲ့သည်။
အမှတ် (၁) တံတားသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့လည်း အမြဲတမ်းလိုလို လုံခြုံရေးယူထားလေ့ရှိကြောင်း မြဝတီမြို့ ဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာ ၁၈ နေ့လယ်ပိုင်း ဗုံးတွေ့သည့် နေရာမှာ ၄ ရပ်ကွက်၊ လင်းသီရိကုန်တိုက် (၁) အနီးရှိ ဘုရင့်နောင်လမ်းနှင့် ဦးအောင်ဇေယျ လမ်းထိပ်တွင် ဖြစ်သည်။ အနီရောင် ပါဂျဲရိုးကားပေါ်၌ ဂက်စ်အိုးများနှင့်အတူ ပေါက်ကွဲစေသည့် ပစ္စည်းများ ရှိနေသည်ဟု ဆိုသည်။
အမှတ် (၁) တံတားဗုံးပေါက်ကွဲမှုသည် ပြင်းအားကြီးသည့်အပြင် လင်းသီရိကုန်တိုက်အနီးတွင် တွေ့ရှိသည့် ကားဗုံးသည်လည်း ဂက်စ်အိုးများနှင့် တွဲထောင်ထားသဖြင့် ပေါက်ကွဲခဲ့လျှင် ပျက်စီးအားကြီးမည်ဖြစ်သည်။
လင်းသီရိကုန်တိုက်သည် နယ်ခြားစောင့်တပ် (BGF) အကြီးအကဲ ဗိုလ်မှူးချုပ် စောချစ်သူ၏ သမီး ပိုင်ဆိုင်သည့် ကုန်တိုက်လည်းဖြစ်သည်။
လက်နက်ကိုင်အဖွဲ့များ ဝင်ထွက်လှုပ်ရှားနေသည့် မြဝတီတွင် မြို့ပေါ်၌ BGF တပ်ဖွဲ့ဝင်များ စိုးမိုးထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် နေရာလည်း ဖြစ်သည်။
ဗုံးပေါက်မှုနှင့် ဗုံးတွေ့မှု ဖြစ်ပေါ်လာပြီးနောက် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားလာရာတွင် ကားမှန်ချထားပြီး ကောင်းမွန်စွာ အစစ်ဆေးခံရန် အသိပေးသည့် စာကို KNU/KNLA ကောင်စီ အပါအဝင် KNLA တပ်ရင်း (၁၀၁) KNDO တပ်ရင်း၅ တို့ကို လိပ်မူပြီး BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူက လက်မှတ်ရေးထိုးပြီး ပေးပို့ထားသည်။
“စစ်ဆေးရေးကတော့ စစ်တယ်။ ယာဉ်မောင်းလိုင်စင်စစ် ဘာစစ်ပေါ့ ။ ရဲစခန်း လမ်းစုံတွေမှာ စစ်နေကျအတိုင်းပဲ စစ်ဆေးတာပဲ ရှိတယ်” ဟု မြဝတီမြို့ ဒေသခံတစ်ဦးက ပြောသည်။
ကိုဗစ်ကပ်ဘေးကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ လူအဝင်အထွက် ပိတ်ထားခဲ့သည့် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေခြင်း မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် ယခုအချိန်ထိ ပြန်လည်မဖွင့်လှစ်နိုင်သေးခြင်း ဖြစ်နိုင်ကြောင်း နယ်စပ်ကုန်စည် သယ်ဆောင်ရေး လုပ်ကိုင်နေသူများက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းကလည်း မြဝတီ-မဲဆောက် အမှတ် (၁) တံတား ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။
မြဝတီမြို့ပေါ်၌ ပေါက်ကွဲမှုများ ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စစ်ကောင်စီ လက်အောက်မှာ ဘာဆိုဘာမှ တရားဥပဒေစိုးမိုးမှု၊ ပြည်သူလူထုအတွက် ဘဝလုံခြုံမှု မရှိတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာပါပဲ” ဟု မှတ်ချက်ပေးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)