သတင်း

အင်းစိန်ထောင် ပေါက်ကွဲမှု မျက်မြင် ကြုံခဲ့ရသူ ပြောပြချက်

ရန်ကုန်မြို့ အင်းစိန်ထောင်၌ ယနေ့(အောက်တိုဘာ ၁၉) နံနက် ပေါက်ကွဲမှုဖြစ်ချိန်တွင် လုံခြုံရေးမျှော်စင်ပေါ်မှ တရစပ် ပစ်ခတ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူထံမှ သိရသည်။

ထောင်ဘူးဝရှေ့ အကျဉ်းသားများအတွက် ထောင်ဝင်စာ ပါဆယ် လက်ခံသည့်နေရာတွင် နံနက် ၉ နာရီ ၄၀ မိနစ်က ဗုံးနှစ်လုံးဆင့်၍ ပေါက်ကွဲသည့် ဖြစ်စဉ်အတွင်း အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး၊ အရပ်သား ၅ ဦး သေဆုံးကာ ၁၃ ဦးထက်မနည်း ဒဏ်ရာရသွားသည်။ 

ပေါက်ကွဲမှုဖြစ်ချိန်တွင် မျက်နှာချင်းဆိုင်ရှိ မျှော်စင်ပေါ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့က ဗုံးပေါက်သည့် အဆောက်အအုံထံသို့ သေနတ်ဖြင့် ၁၀ ချက် ထက်မနည်းပစ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ မျက်မြင်သက်သေက ပြောသည်။

“ရမ်းသရူး ပစ်ချပလိုက်တာ ၁၀ ချက်လောက်ရှိတယ် သေနတ်နဲ့ ။ အဲဒီမှာ ထပ်ထိတယ်။ ထောင်ဝင် စာလာပို့တဲ့ပါဆယ်တွေရော သက်သေတွေရော ရှေ့နေတွေရော အဲဒီနားမှာရှိတယ်။ မြင်လိုက်တဲ့ အချိန်မှာ ၅ ယောက် အနည်းဆုံးထိတာ မြင်တယ်။ ပစ်ခတ်မှုကြောင့် ထိတာက ပိုပြင်းထန်တယ်” ဟု ၎င်းက ဆိုသည်။

မျှော်စင်ပေါ်မှ ပစ်ခတ်သူတို့မှာ စစ်တပ်၊ ရဲ၊ အကျဉ်းဦးစီးဝန်ထမ်း မည်သူဖြစ်သည်နှင့် ပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်မှန်း ရှင်းလင်းစွာမသိရသေးပါ။

ကောင်းကင်ဓာတ်ပုံအရ အကျဉ်းထောင်အတွင်းသို့ ဝင်ပေါက် (ဘူးဝ) ပေါ်ရှိ မျှော်စင်မှာ ပေါက်ကွဲမှုဖြစ်ရာ အဆောက်အအုံနှင့် မျက်စောင်းထိုး မလှမ်းမကမ်း အနေအထားတွင် ရှိသည်ကို တွေ့ရသည်။

“ဗုံးပေါက်လိုက်လို့ ထိတာက မှန်ကွဲစနဲ့ထိတာလောက်ပဲရှိတာ သတိထားမိတာတော့။ အကုန်ဝပ်နေရတယ်။ လမ်းမပေါ်ရော၊ ပလက်ဖောင်းပေါ်ရော၊ ဆိုင်ခန်းတွေထဲမှာရော ပြေးဝပ်နေရတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်ကို ကောင်းကင်ဓာတ်ပုံတွင် တွေ့ရစဉ်။

ဖြစ်စဉ်အတွင်း သေဆုံးသည့် ထောင်ဝန်ထမ်း ၃ ဦးမှာ အကျဉ်းဦးစီး တပ်သား ကျော်ဇင်ဦး၊ တပ်သား ခင်မိုးဝေနှင့် တပ်သား ပိုးအိဇံတို့ဖြစ်ပြီး သေဆုံးသည့် အရပ်သား ၅ ဦး စလုံးမှာ အမျိုးသမီးများဖြစ်ကြောင်း အခြားသော Myanmar Now သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

သေဆုံးသည့် အရပ်သားများထဲတွင် အင်းစိန်ထောင်၌ ဖမ်းဆီးခံထားရသည့် ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဂျိန်း (ခ) ကိုလင်းထက်နိုင်၏ မိခင် အမေကြည် ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။ မိသားစုထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားဆဲဖြစ်သည်။

ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ငြိမ်သက်သွားချိန်တွင် ထောင်ဝင်စာ အဆောက်အအုံအနီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး တစ်လုံးထပ်တွေ့သဖြင့် စစ်ကောင်စီက စစ်ဆေးရှာဖွေမှုများ အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု အင်းစိန်ထောင်အနီး နေထိုင်သူ တစ်ဦးကလည်း ပြောသည်။

“ဘုရင့်နောင်လမ်း (ပေါ်ရှိ ထောင်) အနောက်ပေါက်ကနေ သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေရော ထုတ်နေတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်ဝင်စာ လက်ခံဌာန အဆောက်အဦးအတွင်း အောက်တိုဘာ ၁၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ကိုဗစ်ကပ်ရောဂါကို အကြောင်းပြကာ မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားသည်။

ထိုအခြေအနေတွင် စစ်ကောင်စီ၏ အစားအသောက်၊ ဆေးဝါးပံ့ပိုးမှု လွန်စွာ ညံ့ဖျင်းမှုနှင့် ကြုံနေရသည့် အကျဉ်းသားတို့မှာ ပြင်ပမှ ပို့သည့် ထောင်ဝင်စာကိုသာ အားထားနေရသည်။

ရန်ကုန် အင်းစိန်ထောင်တွင် ပေါက်ကွဲမှု ဖြစ်ပြီးနောက် မန္တလေး အိုးဘိုထောင်၌ ထောင်ဝင်စာပို့ခွင့် ကန့်သတ်လိုက်ပြီဆိုသော သတင်းများ ထွက်ပေါ်နေသည်။ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button