သတင်း

တန့်ဆည်တွင် စစ်တပ်က ဓားစာခံတစ်ဦးကို သတ်ဖြတ်၊ သံဃာတစ်ပါးကို ဓားဖြင့်မွှန်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းထားသူတစ်ဦးကို သတ်ဖြတ်သည့်အပြင် သံဃာတစ်ပါးကိုလည်း ဓားဖြင့် မွှန်းကာ နှိပ်စက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၂၆ နှစ်အရွယ် ကိုဖိုးဖြူဆိုသူမှာ ယခုလ ၁၆ ရက်က ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ကာ ယမန်နေ့တွင် တန့်ဆည်မြို့အနောက်မြောက်ဘက် ၅ မိုင်ကျော်အကွာ ချောင်းဦးရွာမှ ပြန်အထွက်တွင် စစ်တပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

၎င်းမှာ ဝရငယ်ရွာသားတစ်ဦးဖြစ်ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“သူက တောတိုက် (တောင်ယာတဲ) မှာ နေတာ။ …တွေက အရပ်ဝတ်တွေနဲ့ လာတော့ ကိုယ့်လူတွေ PDF‌ တွေမှတ်ပြီး ခေါ်လိုက်တဲ့အချိန်မှာ ဖမ်းခံလိုက်ရတာ။ ဖမ်းပြီးတော့ ချောင်းဦးဘက် ခေါ်သွားတာ။ ချောင်းဦးကနေ ထွက်တော့ ပစ်သတ်ထားခဲ့တာ ”ဟု ၎င်းက ဆိုသည်။

ချောင်းဦးရွာတွင် စစ်ကောင်စီစစ်ကြောင်းက ညအိပ်တပ်စွဲစဉ် သံဃာတစ်ပါးနှင့် ရွာသား ၁၀ ဦးခန့်ကိုလည်း ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သိရသည်။​

ရွာသားများကို လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်စစ်ဆေးပြီး အသက်၂၅ အရွယ် သံဃာတစ်ပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ ဓားဖြင့် မွှန်း၍ စစ်ဆေးကြောင်း ရွာခံများကို ကိုးကား၍ အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ရွာထဲမှာ ဆွမ်းအုပ်နဲ့ သွားတာကို ဒီဦးဇင်းက PDF ကို ရိက္ခာသွားပို့တာဆိုပြီး ဖမ်းချုပ်ပြီး ရိုက်နှက် နှိပ်စက်တာ…။ ဓားတွေနဲ့ ဦးဇင်းရဲ့ နားရွက်ရယ် ဘယ်ဘက်ခြေထောက် ဒူးဆစ်ကွေးနား လှီးထားတယ်။ ဦးဇင်းကလည်း သတိလစ်သွားတယ် ပြောတယ်” 

ယမန်နေ့ (အောက်တိုဘာ ၁၇) က စစ်ကြောင်း ပြန်ထွက်ချိန်တွင် ရွာသားများနှင့် ထိုဦးဇင်းကို ပြန်လွှတ်ပေးခဲ့ပြီး ချောင်းဦးရွာ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ခရမ်းခြံရွာသို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ထိုခရမ်းခြံရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ဝင်သဖြင့် အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးခုန်ရပ်ကာ သေဆုံးသွားကြောင်း တန့်ဆည်ပကဖအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

“လက်နက်ကြီးပစ်ဝင်တာပေါ့။ အဖွားအိုဆိုတော့ လန့်ပြီးဆုံးသွားတာ။ အလောင်းက ခုထိ မသင်္ဂြိုဟ်ရသေးဘူး၊ ရွာထဲ ထားခဲ့ရတာ” ဟု ၎င်းက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

လက်နက်များဖြင့် ပစ်ခတ်မှုများကြောင့် မိသားစုဝင်များက အလောင်းထား၍ ထွက်ပြေးခဲ့ရပြီး စစ်သားများက ရွာထဲတွင် တပ်စွဲထားသဖြင့် ယနေ့အထိ အလောင်းကို မသင်္ဂြိုဟ်ရသေးကြောင်း သိရသည်။

လက်ရှိတွင် ထိုစစ်ကြောင်းသည် ခရမ်းခြံရွာအပြင် ဘေးကပ်လျက် ပဲခင်းကြီးရွာနှင့် သပြေရင်းရွာတို့ တွင် သုံးဖွဲ့ ခွဲကာ တပ်စွဲထားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

တန်ဆည်မြို့အနောက်ဘက်ခြမ်းကို ဝင်ရောက်နေသည့် ယခုစစ်ကြောင်းသည် တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၆၈ မှ ဖြစ်သည်ဟု သိရပြီး အနီးဝန်းကျင်ရှိ ရွာပေါင်း ၁၅ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button