သတင်း

ဘုတလင်တွင် ကင်းစခန်းစီးနင်းခံရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး သေဆုံး

ယနေ့ (အောက်တိုဘာ ၁၅) နံနက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ဒါန်းတိုင်ရွာ လုံခြုံရေးကင်းစခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ဖမ်းခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဘုတလင်မြို့မှ အင်အား ၈၀ နီးပါးဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် မြို့တောင်ဘက် ၅ မိုင်ခန့် အကွာရှိ ဒါန်းတိုင်ရွာကင်းစခန်းကို ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်သည်။ 

“လက်နက်ကြီးနဲ့ သာလွန်အင်အားတွေနဲ့ ဝင်ပစ်သွားတာ။ ဒေသခံတွေ ရှောင်ချိန်တိမ်းချိန်မရဘူး။ လက်နက်သံကြားမှ လွတ်တယ်ထင်ရာ ကြောက်ပြေး ပြေးကြရတာပါ့။ သူတို့က မနက် ဝေလီဝေလင်းကို ဝင်ဝင်စီးတာ” ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now  ကို ပြောသည်။ 

စီးနင်းမှုအတွင်း ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံရသလို ၁ ဦး သေဆုံးခဲ့ကာ အဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ 

အဆိုပါကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ၏ အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးပေ။ 

ထိုစစ်ကြောင်းသည် နံနက် ၈ နာရီဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားသော်လည်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ယခုလဆန်းပိုင်းက ဘုတလင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို အင်အားဖြည့်ထားသော စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ် ပြုလုပ်နေခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ဘုတလင်မြို့နယ် ကတိုးရွာကို နံနက်အစောတွင် ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဒေသခံ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာ ၂ ဦးကို ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်ဟု ဆိုကာ သတ်ဖြတ်ခဲ့သည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာနှင့် ကပ်လျက်ရှိ ဘုတလင်မြို့တွင် မြို့ပေါ်နှင့် ကူတော်နယ်မြေရဲစခန်းမှအပ အနီးအနားကျေးရွာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်။ 

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကြာမြင့်သည့်တိုင် အုပ်ချုပ်ရေးယန္တရား အပြည့်အဝ လည်ပတ်နိုင်ခြင်းမရှိဘဲ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ အခြေချရာ ပြည်နယ်များသာမက လူများစု ဗမာတိုင်းရင်းသားများနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင်လည်း လက်နက်ကိုင်ခုခံမှုများနှင့် ရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button