သတင်း

ပင်လုံညီလာခံမတက်ရန် KNPP ကို ကယားအရပ်ဘက်အဖွဲ့များ တောင်းဆို

(လွိုင်ကော်)  — ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန် ပြည်နယ်အစိုးရက ကြိုးပမ်းနေသဖြင့် ဇူလိုင်လ ၁၁ ရက် (မနက်ဖြန်) တွင် စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေးသို့ မတက်ရောက်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကို ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက် သည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့်အစီအစဉ်ကို ဆိုင်းငံ့ထားရန် ပြည်နယ်အစိုးရက ညွှန်ကြားထားသော်လည်း ကြေးရုပ်ထောက်ခံသူ လူစာရင်းကောက်ခံရန် ပြည်နယ်အစိုးရက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားပြီး မဖြစ်မနေ တည်ဆောက်မည့် အလားအလာကို မြင်တွေ့နေရသောကြောင့် ညီလာခံသို့ တက်ရောက်မည့်အပေါ် ပြန်လည်သုံးသပ်ရန်  မေတ္တာရပ်ခံကြောင်း ကယားပြည်နယ် လူငယ်အဖွဲ့အစည်းများက ဇူလိုင်လ ၉ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

“ပြည်နယ်အစိုးရကလည်း ကိုယ့်ရဲ့ သမိုင်းမှန်တွေကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ လူငယ်တွေကို တရားစွဲဆိုတာတွေ လုပ်နေတယ်။ ဆိုတော့ အဲဒီဟာတွေကိုတောင် ပြောခွင့်မရှိဘူးဆိုရင် ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဘယ်လောက်ထိ ပြောခွင့်ရှိမလဲဆိုတာကို ကိုယ့်ကို ပြန်သုံးသပ်ဖို့ တိုက်တွန်းပါတယ်” ဟု သဘောထား ထုတ်ပြန်သည့်အထဲတွင် ပါဝင်သည့် ကယန်းမျိုးဆက် သစ်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ခွန်းဘားနဒ်က Myanmar Now ကို ယနေ့ ပြောသည်။

သို့သော်လည်း ယင်းသို့ပြောဆိုခြင်းမှာ  ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်အောင် ပြောဆိုခြင်း မဟုတ်ဟု ၎င်းက ဆက်ပြောသည်။

လတ်တလောတွင် ကြေးရုပ်စိုက်ထူရေးကို ဦးဆောင်ကန့်ကွက်ကြသည့် တက်ကြွလှုပ်ရှားသူ ခုနစ်ဦးသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ) တို့ဖြင့် တရားစွဲခံထားရ သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကို လာမည့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ဆွေးနွေးပွဲသို့ တက်ရောက်သူအဖြစ် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရက ဖိတ်ကြား ထားသည်။

KNPP သည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တို့တွင် အစိုးရနှင့် နှစ်ဖက်သဘောတူ အပစ်ရပ်သဘောတူညီမှုများ ရယူခဲ့ပြီး ‘တစ်နိုင်ငံလုံးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)’ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရေးအတွက် အစိုးရနှင့် လက်ရှိဆွေးနွေးနေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

KNPP သည် ယခုအခါ ပျက်ပြယ်သွားပြီဖြစ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ခဲ့သည်။ KNPP ၏အုပ်ချုပ်မှုအောက်ရှိ ကရင်နီ တပ်မတော် သည် ၁၉၅၇ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဗဟိုအစိုးရအဆက်ဆက်ကို လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ နှစ်ဖွဲ့သည် NCA ကို လက်မှတ်ရေးထိုးခဲ့ရာ NCA လက်မှတ်ထိုးအဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့အထိ ရှိလာခဲ့ပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသက်တမ်းအတွင်း တတိယမြောက်လက်မှတ်ထိုးသည့် အဖွဲ့ဖြစ်လာစေရန် KNPP ကို အစိုးရက ပစ်မှတ်ထားနေသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းက တပ်မတော်၏လက်ချက်ကြောင့် KNPP တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးတို့ သေဆုံးခဲ့ရသည်ဟုဆိုသော ဖြစ်ရပ်ကြောင့် အဖွဲ့အနေဖြင့် NCA လက်မှတ်ရေးထိုးရေးတွင် နှောင့်နှေး ကြန့်ကြာနိုင်သည်ဟု အသံများ ထွက်ပေါ်ခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်ဧပြီလအတွင်းက အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KNPP တို့ လွိုင်ကော်မြို့တွင် တွေ့ဆုံခဲ့ပြီး ပြည်နယ်အဆင့်တွင် ပုံမှန် ဆက်လက်ဆွေးနွေးခြင်းဖြင့် NCA ကို “အမြန်ဆုံး ဆက်လက်ရေးထိုးနိုင်စေရန် သဘောတူခဲ့သည်” ဟု ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက် NCA ကို အဖွဲ့ရှစ်ဖွဲ့ဖြင့် စတင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နှစ်ကြိမ် ကျင်းပခဲ့သည်။

တတိယအကြိမ်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လုံခြုံရေးကဏ္ဍကို အဓိကဆွေးနွေးမည်ဖြစ်သလို ဖက်ဒရယ်မူဝါဒတွင် ပါဝင်မည့် လူနည်းစုအခွင့်အရေးနှင့် ကျားမ တန်းတူ ညီမျှရေး ကိစ္စများလည်း ပါဝင်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြီးခဲ့သည့်လကုန်ပိုင်းက ပြောကြားခဲ့သည်။

ယခုကျင်းပမည့် တတိယအကြိမ်အစည်းအဝေးတွင် KNPP အနေဖြင့် NCA ကို လက်မှတ်ရေးထိုးလိမ့်မည်ဟု မျှော်မှန်းချက်များရှိနေသည်။

Show More

Related Articles

Back to top button