သတင်း

ဘုတလင်နယ်တွင် အကျဉ်းသား ၂ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မြောက်ပိုင်း ကတိုးရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းသွားသူများထဲမှ လူငယ် ၂ ဦး၏ ရုပ်အလောင်းကို ယမန်နေ့ (အောက်တိုဘာ ၁၃) တွင် ဒေသခံတို့ တွေ့ရသည်ဟု သိရသည်။ 

ရွာလုံခြုံရေးအဖွဲ့ဝင်များဖြစ်သည့်  ၃၄ နှစ်အရွယ် ကိုကျော်မြင့်ဦး၊ ၂၇ နှစ်အရွယ် ကိုဇော်မင်းခိုင်တို့၏ ရုပ်အလောင်းများ တွေ့သည့် နေရာမှာ ရွာတောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကျောင်းကျေးရွာအနီးတွင် ဖြစ်သည်ဟု ဘုတလင်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့က ဆိုသည်။

“နှိပ်စက်ပြီး သတ်ထားခဲ့တာ။ တံတောင်ဆစ်အရိုးတွေကအစ အကုန်ပေါ်နေတာ။ ရက်ရက်စက်စက် နှိပ်စက်ထားတာ” ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရုပ်အလောင်းများပုပ်ပွနေသဖြင့် သယ်ယူရန် ခက်ခဲသည့်အတွက် တွေ့ရှိရာနေရာအနီး သင်္ဂြိုဟ်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

အောက်တိုဘာ ၁၂ နံနက်က အင်အား ၆၀ နီးပါးဖြင့် ကတိုးရွာကို ဝင်စီးနင်းခဲ့သည့် စစ်ကြောင်းသည် အစောပိုင်းတွင် လူငယ်အများအပြားကို PDF  သံသယဖြင့် ဖမ်းဆီး၍ တစ်နေကုန် နှိပ်စက်ညှဉ်းပန်းခဲ့သည်ဟု သိရသည်။ 

“မင်္ဂလာဆောင်အိမ်မှာရှိတဲ့ လူငယ် ၄၀၊ ၅၀ လောက်ကို ဖမ်းတယ်။ အဲဒီထဲမှာ PDF လို့ ယူဆရတဲ့ ကလေးတွေကို ထုတ်တယ်။ ကြိုးတုပ်တယ်။ တစ်နေကုန် နေလှန်းတယ်။ နှိပ်စက်တယ်။ နောက်တစ်ရက်မှာ (စစ်ကြောင်း) ပြန်ထွက်တယ်” ဟု အထက်ပါ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

စစ်ကြောင်း ပြန်ထွက်ရာတွင် လူငယ် ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာ ၃ ဦးကို ပြန်လွှတ်ပေးကြောင်း၊ ကျန်သူများမှာ ကျေးရွာလုံခြုံရေးအဖွဲ့ဝင်ဟု သိရသဖြင့် သတ်ဖြတ်သွားကြောင်း ဒေသခံတို့က ဆိုသည်။ 

ထို့ပြင် ကျေးရွာအတွင်း မွှေနှောက်ကာ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသလို အပြန်လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်သားတို့၏ အကြမ်းဖက်မှု၊ ခိုးယူ လုယူမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။

ကတိုးရွာအတွင်း စစ်ကြောင်းဝင်လာသည့်အတွက် အနီးအနားကျေးရွာများမှ ဒေသခံများ ထွက်ပြေးရပြီးနောက် အများစုမှာ ရွာသို့ မပြန်ရဲကြသေးပေ။

“ကျွန်တော်တို့ဒေသမှာတော့ စစ်ကြောင်းလာတယ်ဆိုရင် လွတ်ရင်တော့ ထွက်ပြေးတာပေါ့။ ပြီးရင်တော့ ပြန်ကပ်ပေါ့။ နီးတဲ့သူကတော့ ခံနေပေါ့။ ဒါက ကျွန်တော်တို့ ဒေသရဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ စစ်ကြောင်းပြန်သွားတာနဲ့ ရှင်းတာနဲ့ တစ်ပြိုင်တည်းပြန်ကပ်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့မြောက်ဘက်ရှိ ဘုတလင်နယ်တွင် စစ်ကောင်စီ အင်အား ၁၅၀ နီးပါးက မြို့ပေါ်နှင့် ကူတော်နယ်မြေရဲစခန်းတွင် တပ်စွဲထားပြီး ကျေးရွာအများစုတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်။ 

စစ်တပ် အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော် ကြာမြင့်လာသော်လည်း တိုင်းရင်းသားဒေသများသာမက လူများစု ဗမာတိုင်းရင်းသားများနေထိုင်ရာ အလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button