သတင်း

တန့်ဆည်တွင် စစ်ရေးလှုပ်ရှားနေသည့်တပ် ပဒေသာမိုင်းစာမိ

စစ်ကိုင်းတိုင်းအလယ်ပိုင်း မူးမြစ်အနောက်ဘက် တန့်ဆည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို အတွဲလိုက် ပေါက်ကွဲသည့် ပဒေသာမိုင်းကွင်းသို့ ပရိယာယ်သုံး မောင်းသွင်းနိုင်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့(PDF) များက ပြောသည်။

တန့်ဆည်မြို့နယ် အရှေ့ပိုင်း ကျေးရွာများကို တစ်ပတ်ဝန်းကျင် စစ်ဆင်ရေးလုပ်ပြီးနောက် တန့်ဆည်မြို့သို့ ပြန်လာသည့် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို PDF တို့က ယမန်နေ့ (အောက်တိုဘာ ၁၀) နံနက်ပိုင်းက တစ်နာရီခန့်ကြာ ဝိုင်းဝန်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

တန့်ဆည်မြို့သို့မရောက်မီ တောင်ဘက် သုံးမိုင်ခန့်အကွာ ခပေါင်းကြိုင်ရွာနှင့် ထိုရွာ၏ အရှေ့ဘက် မနီးမဝေးရှိ ရွှေတကျေးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်သည်ဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ထိုတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တစ်ဦးက တော်လှန်ရေးအဖွဲ့ထောင်ထားသည့် ပဒေသာမိုင်းကြောင့် စစ်သား ၆ ဦးထက်မနည်း လဲကျသေဆုံးသည်ကို မျက်မြင်တွေ့ရသည်ဟု ပြောသည်။

“ကျနော်တို့က တည် (သေချာ) စောင့်နေတာ၊ ရှေ့ကနေတက်လာတဲ့ ရှေ့ထွက်(စစ်သားများ) ပေါ့ဗျာ၊ ကျနော်တို့နှစ်ဖွဲ့က စီးပစ်တာ။ ဝရုန်းသုန်းကားထွက်ပြေးတာ၊ မိုင်းကွင်းပေါ်ကို တည့်တည့်ဝင်လာတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနိုင်ပြီး အလောင်းများကို တန့်ဆည်မြို့သို့ သယ်ဆောင်သွားကြောင်း၊ ၎င်းတို့ဘက်က ထိခိုက်မှုမရှိကြောင်း တန့်ဆည် PDF တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စပစ်တဲ့အချိန်မှာ အလောင်းခြောက်လောင်းကို သယ်ပြီးပြေးတာ၊ စနိုက်ပါနဲ့ ပစ်တာ တစ်ယောယောက်သေတာ အတည်ပြုနိုင်တယ်။ သူတို့ပြေးတဲ့ လမ်းမှာတင် ပဒေသာမိုင်းထပ်မိတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ကြောင်းမှာ အောက်တိုဘာ ၆ ရက်နေ့မှစတင်ကာ တန့်ဆည်မြို့နယ်အရှေ့ပိုင်းရှိ ရွှေလန်၊ ငတန်း၊ အက်တော၊ တပ်သစ်၊ ကလဇင်၊ အောင်သာ၊ ဒယ်ရောက်ကျေးရွာများကို ဝင်ရောက်၍ ရှာဖွေမှုများ လုပ်ခဲ့သည်။ ဖမ်းဆီးခံရသူမရှိဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သို့သော် အောက်တိုဘာ ၈ ရက်တွင် ဒယ်ရောက်ရွာမှ ထွက်ခွာလာသည့် စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းရာ လေးဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း၊ ဒေသတွင်း ထိုစစ်ကြောင်းလှုပ်ရှားနေချိန်တွင် စစ်ကောင်စီ လက်ချက်ဖြင့် စုစုပေါင်း ၇ ဦးထက်မနည်း သေဆုံးကြောင်း တော်လှန်ရေးအဖွဲ့တာဝန်ရှိသူအချို့က ပြောသည်။

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က ဆက်သွယ်ရေးလှိုင်းဖြတ်စက်များပါ သုံးနေ၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲရန်၊ ဒရုန်းဖြင့် ကင်းထောက်ရန် ခက်ခဲနေသည်ဟု အထက်ပါ ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“(အဝေးထိမ်းမိုင်းခွဲဖို့) မိုဘိုင်းတွေ၊ receiver ‌တွေ သုံးမရဘူး၊ တိုက်မိုင်းတွေလုပ်ရတယ်၊ ဆွဲမိုင်းတွေလုပ်ရတယ်” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများစုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ထုတ်ပြန်ချက်အရ တန့်တည်မြို့နယ်တွင် အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း တစ်ရာကျော်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တန့်ဆည်ကို စစ်ကောင်စီအာဏာသက်ရောက်မှု တဖြည်းဖြည်း လျော့နည်းလာပြီး တော်လှန်ရေးအဖွဲ့ အုပ်ချုပ်မှုအားကောင်းရာ မြို့နယ်အဖြစ် SAC-M က သတ်မှတ်ထားသည်။

စစ်အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်သည့် တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် တစ်နှစ်ခွဲနီးပါးအတွင်း ရွာပေါင်း ၆၄ ရွာမှ နေအိမ် ၂၁၀၀ကျော် မီးလောင်ပျက်စီးကြောင်း ဒေသအခြေစိုက် အချက်အလက်ကောက်ယူရေးအဖွဲ့တို့၏ စာရင်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button