သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်စွပ်စွဲသည့် အမှုနှစ်ခုဖြင့် ထောင် နှစ်ထပ်တိုး

အာဏာပိုင်အသိုင်းအဝိုင်းနှင့် အစဉ်တစိုက် နီးစပ်လေ့ရှိသည့် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် စွပ်စွဲသော အဂတိမှုနှစ်ခုဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင် ၃ နှစ် ထပ်မံ သတ်မှတ်လိုက်သည်။

အမေရိကန်ဒေါ်လာ ၅ သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ထံ လေးကြိမ်ခွဲ၍ ပေးခဲ့သည်ဆိုသော မောင်ဝိတ်၏ ပြောဆိုချက်ကို အခြေခံကာ စစ်ကောင်စီက ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီး လပိုင်းအကြာကတည်းက အမှု နှစ်ခုခွဲ၍ ဖွင့်သည်။

ယနေ့ (အောက်တိုဘာ ၁၂)တွင် နေပြည်တော်အချုပ်ထောင်အတွင်း မန္တလေးတိုင်းတရားသူကြီး ဦးမြင့်ဆန်း စစ်ဆေးသည့် သီးသန့်တရားခွင်က နှစ်မှုပေါင်း ထောင် ၃ နှစ် အမိန့်ချမှတ်ခြင်းဖြစ်သည်။ အသေးစိတ်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

အမိန့်မချမီ ငါးလဝန်းကျင်အလို မေ ၃၁ ရက် ရုံးချိန်းတွင်မူ ထိုငွေများကို အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်နေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးထံ ပေးခဲ့ခြင်းကြောင်း မောင်ဝိတ်ကိုယ်တိုင် တရားခွင်၌ ထွက်ဆိုသည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

၂၀၂၁ မတ်တွင် စစ်ကောင်စီ ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ပါဝင်သကဲ့သို့ ငွေများကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးခဲ့သည်ဟု စွပ်စွဲသူ မောင်ဝိတ်ကိုယ်တိုင် တရားခွင်တွင် မထွက်ဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုနေ့ တရားခွင်အပြီးတွင် မောင်ဝိတ်က မျက်ရည်ကျလျက် ထိုင်ကန်တော့ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ လျစ်လျူရှုခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

မောင်ဝိတ်စွပ်စွဲ သည့် အမှုနှစ်ခုစလုံးတွင် စစ်ကောင်စီက ရန်ရှာမည်စိုး၍ တစ်ပါးသူကို သက်သေမတင်ဘဲ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ပင် အပြစ်မရှိဟု ထုချေခဲ့သည်ဟု ၎င်းထံမှ သိရသည်။

မောင်ဝိတ်သည် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင် ၁၅ နှစ် ချခံခဲ့ရပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။

ထောင်မှ ထွက်ထွက်ချင်း ဆောက်လုပ်ရေးကုမ္ပဏီတည်ထောင်ကာ အဆက်အသွယ် ဗိုလ်ချုပ်ဟောင်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ NLD အစိုးရလက်ထက်တွင် သူ၏ စေပိုင်ကုမ္ပဏီက ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံအချို့ကို လှူဒါန်းမှုများရှိခဲ့သည်။

NLD မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း မောင်ဝိတ်က ဆေးကုသစရိတ်ပေးသည်ဆိုသော စွပ်စွဲမှုဖြင့် စစ်ကောင်စီက အဂတိဖြင့် အမှု ၃ မှုဖွင့်ကာ ဇွန်လအတွင်း ထောင် ၁၅ နှစ် ချဖူးသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော် အောက်တိုဘာ ၁၂ ရက်အထိ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အမှုနှင့် ထောင်ဒဏ်များ။

မောင်ဝိတ်စွပ်စွဲသည့် အမှုဖြင့် ယနေ့ ထပ်မံအမိန့်ချမှုကြောင့် အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၂၆ နှစ် အထိချမှတ်ပြီးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှု စွပ်စွဲကာ ၁၄ မှု အမိန့်ချထားခြင်းဖြစ်သည်။

NLD လက်ထက်က သဘာဝဘေးအတွက် သုံးရန် ငှားရမ်း၊ ဝယ်ယူသည့် ရဟတ်ယာဉ်ကိစ္စ အဂတိမှုဖြင့် စစ်ကောင်စီက စွပ်စွဲထားသည့် အမှု ၅ မှုကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

အသက် ၇၇ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်သို့ စစ်ကောင်စီက ပို့ထားသည်။ နေရေး၊ စားရေး၊ ရာသီဥတုနှင့် ပိုးမွှားဒဏ်ကို ဒေါ်အောင်ဆန်းစုကြည် အကြီးအကျယ် ရင်ဆိုင်နေရသည်ဟု တရားရုံးနှင့် နီးစပ်သူများက အတည်ပြုထားသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ပို့ရန် တိုက်တွန်း တောင်းဆိုမှုများရှိသော်လည်း စစ်ကောင်စီက လျစ်လျူရှုထားဆဲဖြစ်သည်။

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများမြင့်တက်နေသည်။ စစ်ကောင်စီကလည်း NLD ခေါင်းဆောင်များ၊ ပါတီဝင်များအပြင် ၎င်းတို့ကို ဆန့်ကျင်သည့် မည်သူ့ကိုမဆို ဖမ်းဆီး၊ ထောင်ချနေပြီး အသက်သေဆုံးရသူများပင်ရှိသည်။

ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာစွာတွေ့ရသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

Show More

Related Articles

Back to top button