သတင်း

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ ပါတီဖျက်သိမ်းတော့မည် 

လာမည့် ၂၀၂၃ ဩဂုတ်တွင် ရွေးကောက်ပွဲပြန်လုပ်မည်ဟု စစ်ကောင်စီက လေသံပစ်ထားချိန်တွင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ၎င်းထူထောင်ထားသည့် နိုင်ငံရေးပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်သည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရဖူးသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက လွန်ခဲ့သည့် သုံးနှစ်ကျော်က ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကို ထူထောင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထပ်မံ အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ UBP မှာ တစ်နေရာမှ အနိုင်မရခဲ့ပေ။

ထို့နောက်တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ မည်သူ့ဩဇာမှ မခံဟု Myanmar Now ကို ရွေးကောက်ပွဲမတိုင်မီ ပြောထားဖူးသည့် သူရဦးရွှေမန်းက နှုတ်ဆိတ်လျက်သာ ရှိနေသည်။ ထိုကာလအတွင်း UBP ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပင် မလုပ်ဖြစ်ဟု စုံစမ်းသိရှိသည်။

ယနေ့ (အောက်တိုဘာ ၁၁) တွင်မူ ပါတီဖျက်သိမ်းရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပါတီဌာနချုပ်က လူမှုကွန်ရက်မှတစ်ဆင့် စာပို့အကြောင်းကြားလာသည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောလှထွန်းက ပြောသည်။

“အဘကြီး (သူရဦးရွှေမန်း) ရဲ့ အသက်အရွယ် ကြီးမြင့်လာတယ်ရယ်၊ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်ရန် မသင့်တော့တဲ့အတွက် ရပ်နားဖို့ ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း၊ ဖျက်သိမ်းတော့မယ်ဆိုတဲ့အကြောင်း အဲဒီအတွက် လိုအပ်တာတွေ ဆောင်ရွက်လျက်ရှိတယ်ဆိုတဲ့ အကြောင်းပေါ့” ဟု ၎င်းက ပြောသည်။

ပါတီဖျက်သိမ်းသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူရဦးရွှေမန်းနှင့် အခြားသော ပါတီခေါင်းဆောင်များထံမှ သဘောထားမှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပေ။

“ကျွန်တော်ကတော့ ပါတီဝင်တွေရဲ့ လုံခြုံရေးကို အဓိကထားစေချင်ပါတယ်။ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်။ အထင်လွဲခံရမယ့် အခြေအနေလည်းရှိတော့ ကျွန်တော်ကိုယ်တိုင်လည်း ပါတီနိုင်ငံရေးကို သိပ်မလုပ်ချင်တော့ဘူး” ဟု ဦးစောလှထွန်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပဲခူးမြို့၌ ပါတီရုံးဖွင့်နေသည့် သူရဦးရွှေမန်း။ ဓာတ်ပုံ-Myanmar Now

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ နအဖ စစ်အစိုးရလက်ထက်က နံပါတ်သုံးအဆင့် ခေါင်းဆောင်ဖြစ်ခဲ့သူ သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြီးခဲ့သည့် ၂၀၁၉ ဧပြီလအတွင်းက တည်ထောင်ခဲ့သည်။ 

ပါတီရုံးချုပ်ကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းပေါ်ရှိ ခြောက်လုံးတန်းဟု လူသိများသော သူရဦးရွှေမန်း၏ A-3 နေအိမ်တွင်ပင် ဖွင့်လှစ်ထားသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၁ ရက် စာရင်းများအရ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် သူရဦးရွှေမန်း၏ UBP ပါတီကို အမှတ်စဉ် ၇၇တွင် တွေ့ရသည်။

လာမည့်နှစ်တွင် စစ်ကောင်စီ ကျင်းပပေးမည်ဟု ခြေလှမ်းပြင်နေသည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် USDP ခေါင်းဆောင်များဖြစ်သည့် စစ်ဗိုလ်ချုပ်ဟောင်းများကသာ အတက်ကြွဆုံး ဖြစ်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းကမှ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသစ် ပူပူနွေးနွေးဖြစ်လာသူ ရဲချုပ်ဟောင်း ခင်ရီက “ကျွန်တော်တို့ပါတီရဲ့ အန္တိမရည်မှန်းချက်က ရွေးကောက်ပွဲဝင်ပြီးတော့ အနိုင်ရဖို့ပဲ။ အတိုဆုံးရည်မှန်းချက်က ရွေးကောက်ပွဲဝင်မယ်။ ရွေးကောက်ပွဲအနိုင်ရဖို့ပဲ ဖြစ်တယ်” ဟု ယခုလဆန်းတွင် ပြောထားသည်။

ကြံ့ခိုင်ရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲသာ အနိုင်ရခဲ့ဖူးသည်။

သူရဦးရွှေမန်းသည် ၂၀၁၅ ဩဂုတ်လတွင် ကမ္ဘာကျော်ခဲ့သည့် USDP ပါတီ၏ သန်းခေါင်ယံအာဏာသိမ်းပွဲတွင် ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံရပြီးနောက်တွင် စစ်တပ်၏ ဆန့်ကျင်မှုများကို အစဉ်တစ်စိုက် ရင်ဆိုင်နေရသူ ဖြစ်သည်။

အသက် ၇၅နှစ်အရွယ် သူရရွှေမန်းသည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button