သတင်း

ကန့်ဘလူတွင် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်း ကန့်ဘလူမြို့နယ်တွင် ကျေးရွာကာကွယ်ရေးအဖွဲ့မှ ကင်းထောက် ၂ ဦး အောက်တိုဘာ ၈ တွင် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြို့အရှေ့မြောက်ဘက် ၃၂ မိုင်အကွာ မန္တလေး-မြစ်ကြီးနားလမ်းဘေးရှိ ဇင်းကျေးရွာမှ ထွက်လာသည့် ခြေမြန်တပ်ရင်း အမှတ် ၃၆၇ မှ စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းကို လိုက်လံကင်းထောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဇင်းကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

ဂါးဂလော်ကျေးရွာမှ ၂၅ နှစ်ခန့်အရွယ် ကိုရဲနှင်းဝေ၊ ၁၉ နှစ်အရွယ် ကိုလှိုင်းဇော်ဦးတို့၏ ဒဏ်ရာ အများအပြားနှင့် ရုပ်အလောင်းများကို ယင်းနေ့ညနေမှာပင် ဇင်းကျေးရွာနှင့် ဘောရွာအကြား လမ်းပေါ်တွင် တွေ့ရှိခဲ့ရသည်ဟု အထက်ပါလူက ပြောသည်။ 

“ရက်ရက်စက်စက် ပစ်ထားခဲ့တာ။ ဓားနဲ့ ထိုးတယ်၊ သေနတ်တွေနဲ့ ပစ်တယ်၊ ဗိုက်တွေ နံရိုးတွေကို ထိုးထားတာ ဆန်ခါပေါက်ဖြစ်နေပြီ၊ မသေခင် နှိပ်စက်ပြီး စစ်ဆေးမေးမြန်းတယ်ထင်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဒေသခံများကို ဖမ်းဆီးနှိပ်စက်တတ်သဖြင့် ထိုလူငယ် ၂ ဦးသည် ဒေသခံများ ဘေးကင်းရာ တိမ်းရှောင်နိုင်ရန် စစ်ကြောင်း လှုပ်ရှားသွားလာမှုကို လိုက်လံသတင်းထောက်လှမ်းခြင်းသာ ဖြစ်ကြောင်း၊ မိသားစုဝင်များနှင့် ကာကွယ်ရေးအဖွဲ့ဝင်များက ၎င်းတို့ရုပ်အလောင်းများ ကောက်ယူသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

ထိုစစ်ကောင်စီစစ်ကြောင်းသည် ဇင်းကျေးရွာတောင်ဘက် ၆ မိုင်အကွာ ဘောရွာအနီး ညနေပိုင်း၌ ရောက်ရှိချိန် ကန့်ဘလူခရိုင် PDFတပ်ရင်း (၃) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်သည်ဟု PDF  ဘက်က ဆိုသည်။

မည်မျှထိခိုက်သည်ကို အတည်မပြုနိုင်သော်လည်း စစ်တပ် တပ်စွဲခဲ့သည့်နေရာများတွင် ဆေးကုသထားသည့်ပစ္စည်းများ တွေ့ရသည်ဟု ကန့်ဘလူခရိုင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွာအဝင်မှာပဲ မိုင်းစဆွဲတာ၊ ထိခိုက်တာကတော့ သေချာတယ်။ နောက်ရက်ကျတော့ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်တော့ ဆေးကုသထားတာတွေ၊ ဂွမ်းစတွေ အများကြီးတွေ့ရတယ်။ အလောင်းမြှုပ်ထားတာတွေတော့ မတွေ့ရသေးဘူး” ဟု သူက ဆိုသည်။

အဆိုပါ စစ်သားများသည် ဘောကျေးရွာထိပ် ရွှေဘို- မြစ်ကြီးနားလမ်းပေါ်တွင် အောက်တိုဘာ ၈ ရက်မှ စတင်၍ နှစ်ည တပ်စွဲခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၁၁) နံနက်တွင် ကန့်ဘလူမြို့ဘက်ကို ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။

ထိုစစ်ကြောင်း ထွက်ခွာသည့် ယနေ့ နံနက်တွင်လည်း  PDF များနှင့် ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်သားများ ပစ်ခတ်မှုကြောင့် ဘောကျေးရွာဒေသခံ ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပေါင်တွင် ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်ကြောင်း  အထက်ပါကန့်ဘလူခရိုင် PDF တာဝန်ရှိသူက ပြောသည်။ 

“သူတို့ ထွက်တော့ ကျွန်တော်တို့က မိုင်းနဲ့ရော လူနဲ့ရော တောက်လျှောက်တိုက်နေတာ။ ကိုယ့်ဘက်က ခုခံရင်း ဆုတ်တဲ့သဘောမျိုးဆိုတော့ ပစ်ကြခတ်ကြရင်း ဒေသခံတစ်ယောက် ထိသွားတာ။ ပေါင်ကို ဖောက်ဝင်ပြီး ကျည်က အထဲမှာ ကျန်နေတာပေါ့။ ကျွန်တော်တို့ကယ်ထုတ်လာပြီးပြီ” ဟု ၎င်းက ပြောသည်။

ထိုစစ်သားများသည် ယခုလ အစောပိုင်းတွင် ကောလင်းမြို့နယ်ဘက်မှ ကန့်ဘလူအရှေ့ခြမ်းသို့ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် ဗမာလူမျိုးအများစုရှိရာ စစ်ကိုင်းတိုင်းဒေသသည် စစ်အာဏာသိမ်းမှုအပြီးတွင် လက်နက်ကိုင်တော်လှန်မှု အားအကောင်းဆုံးဒေသတစ်ခုဖြစ်လာကာ စစ်ကောင်စီကလည်း သာလွန်သည့် အင်အားဖြင့် နေ့စဉ်ဝင်ရောက်စီးနင်းနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button