သတင်း

စစ်ကိုင်း၊ ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်တပ် သုံးရက်ဆက်မွှေနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ကို စစ်ကောင်စီက သုံးရက်ဆက် ဝင်ရောက်စီးနင်းနေသဖြင့် ပြည်သူအများအပြား တိမ်းရှောင်နေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

ကိုးတောင်ဘို့ရွာ တောင်ဘက်ရှိ ကျေးရွာ ၈ ရွာထက်မနည်းတွင် အောက်တိုဘာ ၃ ရက်မှစ၍ အင်အား ၇၀ ခန့်ပါ စစ်ကြောင်း ဝင်ရောက်နေပြီး နေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်းတို့ ပြုလုပ်နေကြောင်း၊ ဒေသခံ တစ်သောင်းထက်မနည်း တိမ်းရှောင်နေရပြီး အသေးစိတ် အတည်မပြုနိုင်သေးကြောင်း ၎င်းတို့က ဆိုသည်။

ယမန်နေ့ (အောက်တိုဘာ ၄) က ဇော်ချောင်းကျေးရွာကို မီးရှို့ခဲ့သည့် စစ်သားများ ယနေ့ ရွာနီးချုပ်စပ်ရှိ လွင်ကြီးရွာတွင် တပ်စွဲထားကြောင်း၊ ဖျက်ဆီးခံထားရသည့် ကျေးရွာများ၏ အခြေအနေကို အတည်မပြုနိုင်သေးကြောင်း စစ်ကောင်စီကို ခုံခံနေသည့် ကိုးတောင်ဘို့တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“ဇော်ချောင်းကျေးရွာနဲ့ ထိစပ်နေတဲ့ လေးရွာစလုံး အကုန်ပြေးနေရတာဗျ၊ အခြားပတ်ဝန်းကျင်က ရွာတွေရောပဲ။ စစ်ကြောင်းက လွင်ကြီးကျေးရွာထဲရှိသေးတော့ တအားကြီး မကပ်ရဲသေးဘူး။ လက်နက်ကြီးတစ်ကမ်းပဲ ရှိတာဗျ” ဟု ၎င်းက ပြောသည်။

ဇော်ချောင်းရွာကို စစ်သားများဝင်ရောက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့များတပ်ဆင်ထားသည့် မိုင်းများ ပေါက်ကွဲသော်လည်း ထိခိုက်မှုရှိမရှိ မသေချာကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“၆၀ မမတွေ၊ ငါးကြင်းမြီးတွေ (စက်သေနတ်တွေ) နဲ့ ပစ်ဝင်တာ။ တိုက်ပွဲရယ်လို့ မဖြစ်ဘူး။ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်ကြောင်းဝင်ရင်တော့ မိုင်းထောင်တာတွေတော့ ရှိတာပေါ့၊ ထိခိုက်မှု ရှိမရှိ မသိရပေမဲ့ မိုင်းတွေတော့ ကွဲတယ်ဗျ” ဟု ၎င်းက ပြောသည်။ 

ဇော်ချောင်းကျေးရွာကို စစ်သားများက ယခင်က နှစ်ကြိမ်တိုင်တိုင် မီးရှို့ခဲ့ဖူးရာ နေအိမ် ၁၅၀ ကျော်ရှိသည့်အနက် ၉၅ လုံးထက်မနည်း မီးလောင်ပြာကျထားသည်။ 

ကိုးတောင်ဘို့တိုက်နယ်ကျေးရွာတွင် ပြီးခဲ့သည့် ဖော်ဖော်ဝါရီလမှစတင်ကာ စစ်သားများ အခြေစိုက်တပ်စွဲခဲ့ခြင်းဖြစ်သည်။ ရွာမြောက်ဘက်ကပ်လျက် ကောလင်း-ကန့်ဘလူလမ်းဘေးတွင် ဆက်သွယ်ရေးတူးမြောင်းများ၊ သံဆူးကြိုးအကာများ၊ ဘန်ကာများဖြင့် စစ်ကောင်စီက စခန်းချ တပ်စွဲထားသည်။ 

အဆိုစစ်စခန်းမှ စစ်သားများသည် ကန့်ဘလူမြို့နယ်မြောက်ပိုင်းနှင့် ကောလင်းတောင်ပိုင်းကို အမြဲတစေ ဝင်ရောက်စီးနင်းလေ့ရှိသည်။ 

“ကျွန်တော်တို့ကြီးထွားလာမှာကို သူတို့တော်တော်စိုးရိမ်နေကြတယ်။ ဒါကြောင့် မကြာမကြာ စစ်ကြောင်းထိုးနေတာပေါ့ဗျာ” ဟု ဇော်ချောင်းကျေးရွာ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ကျေးရွာ ၂၃ ရွာရှိ ကိုးတောင်ဘို့တိုက်နယ်တွင် ၁၃ ရွာ မီးရှို့ခံခဲ့ရပြီး နေအိမ်စုစုပေါင်း ၅၁၀ ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့ စာရင်းအရ သိရသည်။

“ကျွန်တော်တို့က စစ်ကိုင်းရဲ့အထက်ပိုင်း ကောလင်းနဲ့လည်း နီးတော့ (စစ်တပ်က) ထိန်းနိုင်ဖို့ ကြိုးစားနေတာပေါ့၊ (မီးရှို့တာတွေက) ဘယ်လိုမှ မဖြစ်သင့်တွေပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော်တို့က လောလောဆယ် မခုခံနိုင်သေးတော့ ဒီအတိုင်းကြီးကြည့်နေတဲ့သဘောပဲပေါ့” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

စစ်တပ်ဝင်စီးခဲ့သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ဇော်ချောင်းရွာအတွင်း မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့ကို အောက်တိုဘာ ၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပါမကျန် နည်းပေါင်းပေါင်းစုံဖြင့် ဖိနှိပ်နေပြီး မြို့နယ်ပေါင်းစုံမှ ကျေးရွာအများအပြားကိုလည်း မီးတင်ရှို့နေသည်။ 

စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် ဩဂုတ်လကုန်ထိ စစ်တပ်က တစ်နိုင်ငံလုံးမှ နေအိမ်ပေါင်း ၁၆၈၂၅ လုံးကို မီးရှို့ခဲ့ကာ အများစုမှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar အဖွဲ့မှတ်တမ်းများအရ သိရသည်။ 

စစ်ကောင်စီကမူ ၎င်းတို့ မီးရှို့ခြင်းမဟုတ်ကြောင်း၊ ပြည်သူများကို အကာအကွယ်ပေးနေကြောင်း တုံ့ပြန်လေ့ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button