သတင်း

စခန်းမှူးနှင့် ဗိုလ်မှူးတစ်ဦး ပလိပ်မြို့အထွက် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ပလိပ်မြို့ရဲစခန်းမှူး၊ တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးတစ်ဦးတို့ အရပ်ဘက်သုံးမော်တော်ယာဉ်နှင့် သွားလာစဉ် ယမန်နေ့ (အောက်တိုဘာ ၃) က တိုက်ခိုက်ခဲ့ရာ ထို ၂ ဦး သေဆုံးသွားကြောင်း မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်း လျှပ်စစ်ရုံးမှ ထွက်လာသည့် မော်တော်ယာဉ်ကို ပေါ်တော်မူဘုရားအနီး ဒေသခံ ပြောက်ကျားအဖွဲ့များဖြစ်သော မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Truth Keeping Force-Amapura နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ရုံးမှ ထွက်လာသော အရပ်ဘက်သုံး ကားနှစ်စီးအနက် တစ်စီးမှာ ပလိပ်လမ်းဆုံအနီး ပြတ်ကျန်ခဲ့ကြောင်း၊ အရာရှိများ လိုက်ပါလာသောကားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“အိမ်စီးကားနဲ့ လျှပ်စစ်ရုံးကနေ ထွက်လာတဲ့အချိန်မှာ ကျွန်တော်တို့ သတင်းရတယ်။ လက်နက်ငယ်တွေ၊ အတိုတွေချည်းပဲ လုပ်ဖြစ်တာ။ ပစ်တဲ့အချိန် ခေါင်းခန်းမှာပါတဲ့ ပလိပ်စခန်းမှူးကို အရင်ရတာ၊ ရှေ့ခန်းပြီးမှ နောက်ခန်းက ဗိုလ်မှူးကို ရတာ” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကားပေါ်လိုက်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအနက် ကားရှေ့ခန်းမှ ရဲအုပ်ဇော်ဝင်းနှင့် ကားနောက်ခန်းမှ ဗိုလ်မှူးဇော်ဇော်နိုင်တို့ကို ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံများအရ သွေးထွက်နေကာ ကားအတွင်း လဲကျနေသည်ကို တွေ့ရသည်။ 

“ပစ်ခတ်မှုက မကြာဘူး။ ၃ မိနစ်လောက်ပဲ ကြာတာ။ ကျွန်တော်တို့က အတိုတွေ (ပစ္စတိုသေနတ်) နဲ့ နှစ်ဖက်ညှပ်ပြီး ပစ်တာ။ အရှည်တွေက လမ်းပေါ်မှာ သယ်ဖို့ အဆင်မပြေဘူးလေ။ ဆိုင်ကယ် ၃ စီး၊ ကားဘေးကနေ ကပ်မောင်းပြီးတော့ ပစ်တာ။  အပြန်အလှန်ပစ်ခတ်မှုဖြစ်တာပေါ့” ဟု ထိုပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကားထဲကနေ ပြန်ပစ်တယ်။ မှန်တော့ မတင်ဘူး၊ မှန်တွေကို ဖောက်ပစ်တာ။ ကျွန်တော်တို့ကိုတော့ မထိဘူး။ ရှေ့ခန်းက စခန်းမှူးကျသွားချိန်မှာ ယာဉ်မောင်းက ကျွန်တော်တို့ကို (ကားနဲ့) လိုက်တိုက်သေးတယ်။ ပစ်လိုက်လို့ သူ့ထိသွားတော့မှ လိုက်မတိုက်တော့တာ”

ရဲအုပ်ဇော်ဝင်း ပွဲချင်းပြီး သေပြီး၊ ဗိုလ်မှူးဇော်ဇော်နိုင်မှာ ဆေးရုံပို့ဆောင်စဉ် သေဆုံးသည်ဟု ကာကွယ်ရေးအဖွဲ့ဘက်မှ ဆိုသည်။ 

ထိုပစ်ခတ်မှုအတွင်း ယာဉ်မောင်းဖြစ်သူ ရဲတစ်ဦးနှင့် ကားနောက်ခန်းမှ အခြားစစ်သားတစ်ဦးတို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့်နေရာသည် မန္တလေးမြို့တောင်ဘက် ၈ မိုင်ခန့်အကွာ ပလိပ်မြို့တောင်ဘက်အထွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းအနီး ပေါ်တော်မူဘုရားဝန်းကျင်တွင် ဖြစ်သည်။

ဗိုလ်မှူးဇော်ဇော်နိုင်သည် ကျောက်ဆည်မြို့ စစ်ကြောရေးစခန်းများတွင် နှိပ်စက်ညှဉ်းပန်းသည့် အရာရှိ ၃ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့၏ ရင်းမြစ်များကို ကိုးကားပြောဆိုသည်။ 

ရဲအုပ်ဇော်ဝင်းသည် ပြည်သူလူထု၏ အိုးအိမ်များကို ကျူးကျော်ဆိုကာ ဖျက်ဆီးရေးတွင် ဦးဆောင်သူဖြစ်ပြီး၊ စဉ့်ကိုင်နှင့် ပလိပ်နယ်များမှ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းများကို ရှာဖွေစီးနင်းရေးတွင်လည်း ပါဝင်သူဖြစ်ကြောင်း ပြောသည်။ 

တိုက်ခိုက်ခံရပြီး မိနစ်အတော်ကြာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းသွားလမ်းလာများနှင့် ဖြစ်ပွားရာအနီးနေသူများကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ပလိပ်မြို့ခံတစ်ဦးက ဆိုသည်။

“အယောက် ၂၀ လောက် ဖမ်းခံလိုက်ရသေးတယ်။ သူတို့လိုချင်တာ ဘယ်ရမှာတုန်း၊ လမ်းသွားလမ်းလာတွေက ဘာသိမှာမှတ်လို့၊ သူတို့ရောက်တဲ့အချိန်ကျ တိုက်ခိုက်တဲ့အဖွဲ့တွေက မရှိတော့ဘူးလေ” ဟု ၎င်းက ဆက်ပြောသည်။

ယခုတိုက်ခိုက်မှုကို စီစဉ်ခဲ့သည့် တော်လှန်ရေးမဟာမိတ်အဖွဲ့များသည် မကြာသေးခင်က ကျောက်ဆည်မှ မန္တလေး အိုးဘိုထောင်သို့ နိုင်ငံရေးအကျဉ်းသားများသယ်ဆောင်လာသည့် ရဲအချုပ်ကားတစ်စီးကို အနီးကပ် တိုက်ခိုက်ခဲ့ပြီး အကျဉ်းသားနှစ်ဦးကို ကယ်ထုတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button