သတင်း

ဆားလင်းကြီးတွင် ရဲလေးဦး ဈေးထွက်ဝယ်စဉ် ပစ်သတ်ခံရ

ယမန်နေ့ (အောက်တိုဘာ ၃) မွန်းလွဲ ၁ နာရီခန့်က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာတွင် ဈေးထွက်ဝယ်သည့် ရဲလေးဦးကို ပစ်သတ်ကာ သေနတ်လေးလက် သိမ်းယူခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ Salingyi G-Z တာဝန်ရှိသူက ပြောသည်။

မြို့တော် မုံရွာနှင့် ချင်းတွင်းမြစ်သာ ခြားကာ တည်ရှိသည့် ညောင်ပင်ကြီးရွာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နိုင်ရေးအတွက် လူရှင်းချိန်ကို ကာလအတန်ကြာ စောင့်ခဲ့ရသည်ဟု Salingyi G-Z အဖွဲ့က ဆိုသည်။

“သူတို့ဈေးဝယ်ထွက်တာကို ကျွန်တော်တို့ စောင့်နေတာ ၂၅ ရက်လောက်တောင် ရှိပြီ။ (ပြည်သူ) လူတွေရှိနေတာနဲ့ မလုပ်သေးဘဲ ထားထားတာ၊ မနေ့ကတော့ သူတို့ထွက်လာတာ လူလည်းရှင်းတာနဲ့ တစ်ခါတည်း လုပ်လိုက်တာ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထိုစစ်ဆင်ရေးကို ဆားလင်းကြီးမြို့နယ်အခြေစိုက် အဖွဲ့များဖြစ်သည့် Salingyi G-Z Defence Force, Young People Force, အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအပြီးတွင် မုံရွာမှ ချင်းတွင်းမြစ်ကို ကူးကာ ရောက်လာသည့် စစ်ကောင်စီတပ်သားများက ညောင်ပင်ကြီးရွာနှင့် အနီးဝန်းကျင် ရွာများကို စီးနင်းရှာဖွေကာ ညနေပိုင်းတွင် မုံရွာဘက်သို့ ပြန်သွားသည်ဟု ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ရန်ကြောင့် ညောင်ပင်ကြီးရွာအနီးရှိ ထန်းတော၊ ရွာရှည်၊ သိမ်တော်၊ ရွှေအင်းလေး၊ နှင်းတော၊ ထန်းတောကြီး၊ ရုံးပင်ရိုး၊ အောင်ချမ်းစည် စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်ဝင်စီးစဉ် ဒေသခံတို့ ဖမ်းဆီးခံရမှု၊ ဒေသခံတို့ တိမ်းရှောင်နေရသည့် အခြေအနေနှင့် ရဲလေးဦး ပစ်သတ်ခံရသည့် အခြေအနေသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

“စစ်ကြောင်းမရှိတော့ပေမဲ့ ရွာသားတွေကတော့ ပြန်မနေရဲကြသေးဘူး။ အဲဒီနား ပတ်ချာလည် ရွာတွေကို အနည်းအကျဉ်း ရှာတာပေါ့။ ညနေရောက်တော့ မုံရွာဘက် ပြန်ကူးသွားတာပဲ” ဟု အထက်ပါ ဒေသခံက ယနေ့ (အောက်တိုဘာ ၄) နံနက်တွင် ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းတွင်လည်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်နှင့် ချင်းတွင်းမြစ်ကြားတွင် ရှိသည့် ရွှေလှေ၊ ဥသျှစ်ပြား၊ သဲကောကြီး၊ ဝဲကြီး စသည့် ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး သဲကောကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းမှ ဒေသအများအပြား တက်ကြွစွာပါဝင်နေကြသည်။

စစ်ကောင်စီက လေတပ်နှင့် လက်နက်ကြီး သုံး၍ ခုခံသူများကို တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်လှည့်မီးရှို့မှုများကိုပါ မကြာခဏ လုပ်ဆောင်နေသည်။

စက်တင်ဘာ ၁၆ တွင်ပင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက် ၁၄ မိုင်အကွာ လက်ယက်ကုန်းရွာကလေးရှိ စာသင်ကျောင်းကို စစ်ကောင်စီရဟတ်ယာဉ်များက ပစ်ခတ်ရာ ကလေး ၇ ဦး၊ လူကြီး ၆ ဦးထက်မနည်း သေဆုံးသည်။ ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီ ဖမ်းသွားသူများထဲတွင် ကလေးများပါ ပါဝင်သော်လည်း နှစ်ပတ်ကျော်ကြာသည်အထိ တိုက်ခိုက်မှု နောက်ဆက်တွဲအခြေအနေ အသေးစိတ်အတည်မပြုနိုင်သေးပေ။

အရပ်သားတို့ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button