သတင်း

သထုံတွင် ပြည်သူ့စစ် ဒုခေါင်းဆောင် ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခြောက်လုံးပြူးသေနတ် ကိုင်ဆောင်သော ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ယနေ့ (စက်တင်ဘာ ၂၉) နံနက်က ပစ်သတ်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ 

ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိုးဝင်း(ခ)ဖိုးထောင် ဆိုသူ သထုံမြို့နယ် ဒေးဗရိန်းကျေးရွာရှိ သိန်းဇော်လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သွားရောက်ပစ်သတ်ခဲ့ကြောင်း သထုံပကဖ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျွန်တော်တို့ သူ့ကို လိုက်ရှာနေတာ လနဲ့ချီနေပြီ။ သူလည်း ပြန်လည်ခုခံဖို့ သေနတ်တွေဘာတွေ အိတ်ထဲက နှိုက်သေးတယ်။ ကျွန်တော်တို့က သေနတ်သုံးလက်နဲ့ ဝိုင်းတာဆိုတော့ လုံးဝလုပ်လို့မရတဲ့ အနေအထားတစ်ခုမှာ သူ လက်လျှော့ပေးလိုက်ရတယ်” ဟု ဆိုသည်။

ဦးခေါင်းကို သေနတ်ဖြင့် တစ်ချက်ပစ်ခဲ့ပြီး ထိုသူမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ 

အသက် ၆၀ အရွယ်ရှိ ဦးစိုးဝင်းသည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၂၄) ခြေလျင်တပ်ရင်းက ဖွဲ့စည်းပေးထားသည့် သထုံမြို့နယ် ဒေးဗရိန်းကျေးရွာ ပြည်သူ့စစ်အဖွဲ့၏ ဒုခေါင်းဆောင်ဖြစ်လာသည်။ 

အဆိုပါ အမာခံပြည်သူ့စစ်အဖွဲ့တွင် တာဝန်ခံတစ်ဦး၊ ပခေါင်းဆောင်၊ ဒုခေါင်းဆောင် အပါအဝင် စုစုပေါင်း ၁၀ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ဦးစိုးဝင်းထံမှ ရရှိခဲ့သည့် စာရွက်တွင် တွေ့ရပြီး ပြည်သူ့စစ်အဖွဲ့ဝင်ကတ်ပြားပါ တွေ့ရှိခဲ့ရသည်။ 

“သထုံမြို့နယ်ရဲ့ ဒုခေါင်းဆောင်လို့ ပြောလို့ရတယ်။ သထုံမှာရှိတဲ့ ပြည်သူ့စစ်ပေါ့၊ ကျွန်တော်တို့ အခေါ်တော့ ပျူစောထီးပေါ့။ ပြည်သူ့စစ်တွေကို အဓိကကွပ်ကဲတာ ၂၄ ခြေမြန်တပ်ရင်းပေါ့။ အဲဒီကနေ လက်နက်ခွဲတမ်းကို ချပေးတာဆိုတော့ သူ (ဦးစိုးဝင်း) က မြို့နယ်တစ်ခုရဲ့ ဒုခေါင်းဆောင်အနေအထားမှာရှိတယ်” ဟု သထုံပကဖ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဦးစိုးဝင်းထံတွင် မောင်းပြန်တစ်လက်နှင့် ခြောက်လုံးပြူးပစ္စတိုတစ်လက်ရှိသည်ဟု သိရပြီး  သွားရောက်ပစ်ခတ်ချိန်တွင် ၎င်းနှင့်အတူ ပါလာသည့် ခြောက်လုံးပြူးသေနတ်ကိုသာ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယခင်က ဦးစိုးဝင်းကို သေနတ်ကိုင်ထားသည့် တပည့်နှစ်ယောက်က လုံခြုံရေးယူပေးလေ့ရှိသော်လည်း ယနေ့တွင် ထိုသူများ မရှိကြောင်း၊ ဦးစိုးဝင်းသည် ရပ်ရွာအတွင်း ကားဖြင့် လှည့်လည်ကာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်လေ့ရှိကြောင်း ပကဖဘက်က ပြောသည်။

“နောက်ဆုံး စစ်တပ်ရော ရဲရော သူ့ကို တစ်ပိုင်စားပေးထားတဲ့ ပုံစံမျိုး။ တစ်ခုခုဖြစ်ရင် စစ်တပ်ရော ရဲရော မလာဘူး၊ သူ့ကိုပဲ အဓိကလွှတ်တာ။ အဲဒီရွာ ပတ်ချာလည်ကို စိုးမိုးမှုရှိတယ်ပေါ့” ဟု အထက်ပါလူက ပြောသည်။ 

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ဒေးဗရိန်းကျေးရွာသည် သထုံနှင့် ပေါင်မြို့နယ် ဆက်စပ်နေရာ နယ်မြေအနေအထားကြောင့် တော်လှန်ရေးအဖွဲ့များ လှုပ်ရှားရခက်ခဲသည့် ဒေသတစ်ခုဖြစ်သည်။

နယ်မြေဆက်စပ်နေသော အခြားမြို့နယ်များတွင်လည်း အလားတူ တိုက်ခိုက်မှုများရှိနေပြီး ပေါင်မြို့နယ်တွင်လည်း ဇွန် ၂၉ ရက်က ကဒုံစီးရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွေးသိန်း (ခ) မဲလုံး သေနတ်ဖြင့် ပစ်သတ်ခံရသည်။ အလားတူ ဇွန် ၂၁ ရက်က သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် စစ်ကောင်စီခန့်ထားသည့် အသက် ၅၈ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းကို သေနတ်သမားနှစ်ဦးက ပစ်သတ်သွားသည်။ 

စစ်ကောင်စီသည် ပြည်သူ့လုံခြုံရေးအဖွဲ့ဟု ဆိုကာ မန္တလေး၊ ဖားကန့်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်တောင်ပိုင်းဒေသများတွင် ၎င်းတို့ကိုထောက်ခံသူများ၊ အုပ်ချုပ်ရေးပိုင်းမှ လူများကို လက်နက်များ ပေါ်ပေါတင်တင် ထုတ်ပေးနေသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီး ၎င်း၏လက်နက်ကို PDF က သိမ်းဆည်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button